တရုတ်နှင့် တောင်အာရှနိုင်ငံများရှိမြို့များ လေထုညစ်ညမ်းမှု အဆိုးရွားဆုံးစာရင်းတွင် ပါဝင်နေ

တရုတ်နှင့် တောင်အာရှနိုင်ငံများရှိမြို့များ လေထုညစ်ညမ်းမှု အဆိုးရွားဆုံးစာရင်းတွင် ပါဝင်နေ

ကမ္ဘာတစ်ဝန်း မိုက်ခရိုအဆင့် ညစ်ညမ်းမှုန်များကြောင့် လေထုညစ်ညမ်းမှု အမြင့်ဆုံး မြို့ပြ ၂၀ဝ စာရင်းတွင် တရုတ်၊ အိန္ဒိယနှင့် တောင်အာရှနိုင်ငံများရှိမြို့များက စာရင်း၏ ၉၀ ရာခိုင်နှုန်းထိ နေရာယူလျက်ရှိသည်။
 

အသက်ရှူသွင်းလိုက်လျှင် အဆုတ်ထဲထိ တိုက်ရိုက်ရောက်နိုင်သည့် မိုက်ခရိုအဆင့် PM2.5 အမှုန်များ လေထုအတွင်း ပါဝင်မှုအမြင့်ဆုံးမှာ ဘင်္ဂလားဒေ့ရှ်ဖြစ်ပြီး၊ ပါကစ္စတန်၊ မွန်ဂိုလီးယား၊ အာဖဂန်နစ္စတန်၊ အိန္ဒိယတို့က အစဉ်လိုက် ရပ်တည်လျက်ရှိကြောင်း ၂၀၁၉ ခုနှစ် ကမ္ဘာ့လေထုအရည်အသွေး အစီရင်ခံစာက ဖော်ပြသည်။ အစီရင်ခံစာကို IQAir Group နှင့် Green peace တို့ ပူးပေါင်းထုတ်ပြန်ခြင်းဖြစ်သည်။ တရုတ်က အဆင့် ၁၁ တွင် ရပ်တည်လျက်ရှိသည်။

လူသားဆံပင်လုံးပတ်၏ ၃၀ ပုံ တစ်ပုံအောက်ငယ်သော အမှုန်များ၊ တစ်နည်းအားဖြင့် ၂ ဒသမ ၅ မိုက်ခရွန်ထက်ငယ်သော အမှုန်များသည် ရှူသွင်းလိုက်လျှင် လေရှူလမ်းကြောင်းမှတစ်ဆင့် သွေးကြောများထဲထိ ရောက်ရှိနိုင်ပြီး အသက်ရှူလမ်းကြောင်းရောဂါ၊ ရင်ကျပ်ရောဂါ၊ နှလုံးရောဂါမှအစ အဆုတ်ကင်ဆာထိ ဖြစ်စေနိုင်စွမ်းရှိသည်။

လူဦးရေ ၁၀ သန်းအထက် နေထိုင်သော ကမ္ဘာ့မြို့ကြီးများအနက် PM2.5 အမှုန် လေထုထဲ ပါဝင်နှုန်း အများဆုံးမှာ အိန္ဒိယမြို့တော် နယူးဒေလီဖြစ်ပြီး၊ ပါကစ္စတန်မှ လာဟိုးမြို့၊ ဘင်္ဂလားဒေ့ရှ်မှ ဒါကာမြို့၊ အိန္ဒိယမှ ကိုလ်ကတ္တားမြို့၊ တရုတ်မှ လင်ယီနှင့် တီယန်ကျင်းမြို့၊ အင်ဒိုနီးရှားမှ ဂျကာတာမြို့ကြီးများက အစဉ်လိုက် အဆိုးဆုံးအဖြစ် ရပ်တည်သည်။ တရုတ်မှ ကိုရိုနာဗိုင်းရပ်စ် စတင်ခဲ့ရာ ဝူဟန်မြို့သည်လည်း အထက်ပါမြို့များနောက်တွင် အစဉ်လိုက်ရပ်တည်ပြီး ချန်ဒူနှင့် ပေကျင်းမြို့များလည်း ပါဝင်သည်။

အစီရင်ခံစာသည် ကမ္ဘာ့မြို့ပေါင်း ငါးထောင်ကျော်၏ လေထုအရည်အသွေးစာရင်းများအပေါ် အခြေခံထားသည်။ ကမ္ဘာတစ်ဝန်း လေထုညစ်ညမ်းမှုတွင် PM2.5 အမှုန်များ ရှူသွင်းမိမှုကြောင့် တစ်နှစ်လျှင် လူ ခုနစ်သန်းခန့် သက်တမ်းမစေ့မီ သေဆုံးနေရကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ၏ စာရင်းက ဖော်ပြသည်။