ကိုရိုနာဗိုင်းရပ်စ်ကူးစက်ပျံ့ပွားမှုကြောင့် နွေဦးတွင်ပြုလုပ်မည့် ပူးတွဲစစ်ရေးလေ့ကျင့်မှုကို အင်အားလျှော့ချပြုလုပ်ရန် စဉ်းစားနေကြောင်း အမေရိကန်ပြည်ထောင်စုနှင့် တောင်ကိုရီးယားတို့က ဖေဖော်ဝါရီ ၂၄ ရက်တွင် ထုတ်ပြန်ခဲ့သည်။
တောင်ကိုရီးယားရှိ အမေရိကန်တပ်များ၏တပ်မှူး ဗိုလ်ချုပ် ရောဘတ် အဘရမ်စ်နှင့် တောင်ကိုရီးယားပူးတွဲစစ်ဦးစီးချုပ် ဗိုလ်ချုပ် ပါ့ခ်ဟန်ကီတို့သည် ကိုရိုနာဗိ်ုင်းရပ်စ်စိုးရိမ်စရာရှိသောကြောင့် ပူးတွဲစစ်ရေးလေ့ကျင့်မှုကို အင်အားလျှော့ချပြုလုပ်ရန် စဉ်းစားနေကြောင်း အမေရိကန်ကာကွယ်ရေးဝန်ကြီး မာ့ခ်အက်စ်ပါက သတင်းစာရှင်းလင်းပွဲတွင်ပြောဆိုခဲ့သည်။
တောင်ကိုရီးယားစစ်သည် ၁၃ ဦး ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံထားရပြီး စစ်သည်များ၏သွားလာမှုကို ကန့်သတ်ရန်အတွက် နိုင်ငံတစ်ဝန်း စစ်သည်များအား ခွင့်ပေးခြင်းကို ရပ်ဆို်ုင်းထားကြောင်း တောင်ကိုရီးယားကာကွယ်ရေးဝန်ကြီး ဂျွန် ကျွန်း-ဒိုကပြောဆိုခဲ့သည်။ ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုသည် အလေးအနက်ထားရမည့် အခြေအနေဖြစ်ကြောင်း ဂျွန်ကပြောဆိုခဲ့သည်။
မြောက်ကိုရီးယား၏နျူကလီးယားစီမံကိန်းနှင့်ပတ်သက်၍ မြောက်ကိုရီးယားနှင့် အမေရိကန်တို့ကြား ဆွေးနွေးမှုများရှိလာရန်အတွက် တောင်ကိုရီးယားနှင့် အမေရိကန်တို့သည် နှစ်စဉ်ပြုလုပ်နေကျ ပူးတွဲစစ်ရေးလေ့ကျင့်မှုများကို အင်အားလျှော့ချကာ ပြုလုပ်ခဲ့ရပြီးဖြစ်သည်။
လာမည့် နွေဦးတွင် နှစ်နိုင်ငံသည် ညွှန်ကြားထိန်းချုပ်မှုဆိုင်ရာ စစ်ရေးလေ့ကျင့်မှုကို ပြုလုပ်ရန် စီစဉ်ထားသည်။ နှစ်နိုင်ငံပူးပေါင်းကာ သုံးသပ်မှုများပြုလုပ်ခဲ့ပြီးနောက် မဟာမိတ်နှစ်နိုင်ငံသည် စစ်ရေးလေ့ကျင့်မှု မည်ကဲ့သို့ပြုလုပ်မည်ကို ဆုံးဖြတ်မည်ဖြစ်သည်။

















