ကိုရိုနာဗိုင်းရပ်စ်သည် ဒေသအဆင့်မှ ကမ္ဘာ့အဆင့် ကပ်ရောဂါအသွင် ရောက်လာပါက တန်ပြန်နိုင်ရန်အတွက် ကမ္ဘာ့အသိုင်းအဝိုင်းက ယခုကတည်းက ကြိုတင်ပြင်ဆင်ထားကြရန်လိုကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က ဖေဖော်ဝါရီ ၂၅ ရက်တွင် နှိုးဆော်လိုက်သည်။
တရုတ်နိုင်ငံ ဟူပေးပြည်နယ် ဝူဟန်မြို့က စတင်ခဲ့သော COVID-19 ကိုရိုနာဗိုင်းရပ်စ်သည် ကမ္ဘာ့ကပ်ရောဂါအဆင့် ရောက်လာပြီဟု ပြောရန်စောသေးသော်လည်း ကမ္ဘာ့အသိုင်းအဝိုင်းအနေဖြင့် ကြုံလာရနိုင်သည့် အန္တရာယ်အတွက် ယခုကတည်းက ကြိုတင်ပြင်ဆင်ထားရန်လိုကြောင်း WHO က ပြောသည်။
ကမ္ဘာ့အဆင့် ကပ်ရောဂါဟူသည် ကမ္ဘာ့ဒေသအများအပြားတွင် တစ်ချိန်တည်းတစ်ပြိုင်တည်း လူတစ်ယောက်မှတစ်ယောက်သို့ အလွယ်တကူ ဗိုင်းရပ်စ်ကူးစက်သည့် ဖြစ်စဉ်မျိုးကို ဆိုလိုသည်။ COVID-19 သည် တရုတ်သာမက တောင်ကိုရီးယား၊ အီတလီနှင့် အီရန်တို့သို့လည်း ကူးစက်ပျံ့ပွားလျက်ရှိသည်။ တရုတ်တွင် ဗိုင်းရပ်စ်ကြောင့် သေဆုံးသူ ၂၆၀ဝ ကျော်သွားပြီဖြစ်ကာ လူရှစ်သောင်းနီးပါး ကူးစက်ခံထားရသည်။
တရုတ်အပြင်ဘက် နိုင်ငံပေါင်း ၃၀ ခန့်တွင် COVID-19 ကူးစက်မှုပေါင်း ၁၂၀ဝ ကျော် အတည်ပြုထားနိုင်ပြီး သေဆုံးသူ ၂၀ ကျော်သွားပြီဖြစ်သည်။ အီတလီတွင်လည်း ဖေဖော်ဝါရီ ၂၄ ရက်အထိ သေဆုံး ခုနစ်ဦး အတည်ပြုထားနိုင်သည်။ ဗိုင်းရပ်စ်ကြောင့် စီးပွားထိခိုက်မည်ကို စိုးရိမ်မှုများ မြင့်တက်နေသည့်အတွက် ကမ္ဘာ့စတော့ဈေးကွက်များလည်း ထိုးကျလျက်ရှိသည်။ COVID-19 ကူးစက်ခံရသူ၏ ၁ ရာခိုင်နှုန်းမှ ၂ ရာခိုင်နှုန်းကြား သေဆုံးရလျက်ရှိသည်။
ဗိုင်းရပ်စ် ကူးစက်မှု ကာကွယ်နိုင်ရန် လာမည့်လတွင် ကျင်းပမည့် တရုတ်ပြည်သူ့ညီလာခံကို ရွှေ့ဆိုင်းထားမည်ဖြစ်ကြောင်း တရုတ်အစိုးရက ကြေညာထားသည်။ ညီလာခံကို ၁၉၇၈ ခုနှစ်နောက်ပိုင်း နှစ်စဉ်မပျက် ကျင်းပခဲ့ခြင်းဖြစ်သည်။ အီရတ်၊ အာဖဂန်နစ္စတန်၊ ကူဝိတ်၊ အိုမန်၊ ဘာရိန်းတို့တွင်လည်း COVID-19 ကူးစက်သူများ ပထမဆုံးအကြိမ်အဖြစ် တွေ့ရှိထားကြောင်း ဖေဖော်ဝါရီ ၂၄ ရက်တွင် ထုတ်ပြန်ကြေညာခဲ့ကြသည်။

















