ယခုနှစ်ရာသီတွင် ပုံစံကောင်း ရနေသော လီဗာပူးသည် ဖေဖော်ဝါရီ ၂၄ ရက်က ပရီးမီးယားလိဂ် ပွဲစဉ် ၂၇ အဖြစ် ဝက်စ်ဟမ်းနှင့် ကစားခဲ့ရာ မာနေး၏ နောက်ကျဂိုးကြောင့် သုံးဂိုး နှစ်ဂိုးဖြင့် ဒရာမာဆန်ဆန် အနိုင်ရရှိခဲ့ပြီးနောက် စံချိန်မှတ်တမ်းကောင်းများ ထပ်မံပိုင်ဆိုင်ခဲ့ကြောင်း သိရသည်။
လီဗာပူးတိုက်စစ်တွင် ဆာ လက်ချ်၊ မာနေးနှင့် ဖာမီနိုတို့ ဦး ဆောင်ခဲ့ပြီး ဘောလုံးပိုင်ဆိုင်မှု အသာစီးဖြင့် ကစားခဲ့သည်။ လီဗာပူးအတွက် ဦးဆောင်ဂိုးကို ဝစ်နယ်ဒန်က ကိုးမိနစ်တွင် သွင်းယူခဲ့ပြီး ဝက်စ်ဟမ်းအတွက် ဒီအော့ပ်က ၁၂ မိနစ်၌ သွင်းယူခဲ့သည်။
ဝက်စ်ဟမ်းသည် ၅၄ မိနစ်တွင် ဒုတိယဂိုးရရှိခဲ့ပြီး ဆာလက်ချ်က ၆၈ မိနစ်၌ ချေပဂိုးသွင်းယူခဲ့သည်။ အကြိတ်အနယ် ကစားရင်း ၈၁ မိနစ်တွင် အနိုင် ဂိုးရရှိခဲ့ရာ မာနေးက အနီးကပ် ပိတ်သွင်းယူခဲ့သည်။ ပရီးမီးယားလိဂ် ချန်ပီယံဆုအတွက် ခြေတစ်လှမ်းတိုးနိုင်ခဲ့သော လီဗာပူးသည် ဥရောပထိပ် တန်းလိဂ် ငါးခု၌ ရှုံးပွဲမရှိ အရှည်ကြာ ဆုံးအသင်းများစာရင်း၌ ပဉ္စမနေရာသို့ ရောက်ရှိလာခဲ့ကြောင်း သိရသည်။
၁၉၉၁ မှ ၁၉၉၃ အထိ ၅၈ ပွဲ မရှုံးအောင် ကစားခဲ့သော အေစီမီလန်သည် ဥရောပထိပ်တန်းလိဂ် ငါးခု၏ လိဂ်ရှုံးပွဲမရှိ အရှည်ကြာဆုံးအသင်း ဖြစ်သည်။
ဒုတိယနေရာ၌ ၂၀၁၂ မှ ၂၀၁၄ အထိ ၅၃ ပွဲ ရလဒ်ကောင်းခဲ့သော ဘိုင်ယန်မြူးနစ်ရပ်တည်ကာ တတိယ နေရာ၌ အာဆင်နယ်အသင်းက ၄၉ ပွဲဖြင့် ရပ်တည်နေသည်။ ၂၀၁၁–၁၂ ဘောလုံးရာသီက ၄၉ ပွဲ ရှုံးပွဲမရှိခဲ့ သော ဂျူဗင်တပ်စ်မှာ စတုတ္ထလိုက်နေ သည်။
လီဗာပူးသည် ဝက်စ်ဟမ်းကို နိုင်ခဲ့၍ လိဂ် ၄၄ ပွဲ ရှုံးပွဲမရှိဘဲ ပဉ္စမနေရာ သို့ရောက်ရှိကာ ဘာစီလိုနာ၏အထက် တစ်ပွဲအသာဖြင့် ရပ်တည်နေသည်။ ရှုံးပွဲမရှိ အရှည်ကြာဆုံး အသင်း ၁၀ သင်းစာရင်း၌ နော်တင်ဟမ်(၄၂)ပွဲ၊ ချယ်လ်ဆီး ပွဲ(၄၀)၊ ဖီအိုရင်တီးနား ပွဲ (၄၀)နှင့် ဆိုစီဒက် (၃၈)ပွဲတို့လည်း ပါဝင်နေသည်။
လီဗာပူးသည် ၂၀၁၇ ခုနှစ်က ပရီးမီးယားလိဂ် ၁၈ ပွဲ ဆက် အနိုင်ရ စံချိန် မှတ်တမ်းပိုင်ဆိုင်ထားသော မန်စီးတီး၏စံချိန်ကိုလည်း လိုက်မီခဲ့သည်။ ထို့အပြင် လီဗာပူးသည် ၁၉၇၂ ခုနှစ်က အသင်း၏ စံချိန်ကို လိုက်မီကာ အင်္ဂလန်အဆင့်မြင့်တန်း အိမ်ကွင်း ၂၁ ပွဲဆက် အနိုင်ရခဲ့ခြင်း ဖြစ်သည်။ လီဗာပူးသည် ပွဲစဉ် ၂၇ အပြီး (၇၉) မှတ်ဖြင့် မန်စီးတီးကို ၂၂ မှတ်ဖြတ်၍ ဦးဆောင်နေသည်။ မန်ယူကွင်းလယ်လူ ပေါ့ဘာက လီဗာပူးမှာ ပရီးမီးယားလိဂ် ချန်ပီယံဆုဖလားနှင့် ထိုက်တန်မှုရှိကြောင်း အီးအက်စ်ပီအန်နှင့် တွေ့ ဆုံခဲ့ရာ၌ ပြောကြားခဲ့သည်။















