တောင်ကိုရီးယားနိုင်ငံ၌ အမေရိကန်စစ်သည်တစ်ဦးအပါအဝင် COVID-19 ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရသူသစ် ၁၆၉ ဦးရှိခဲ့ပြီး တစ်နိုင်ငံလုံးအတိုင်းအတာအားဖြင့် ဗိုင်းရပ်စ်ကူးစက်ခံထားရသူ ၁၁၄၆ ဦးရှိနေပြီဖြစ်ကြောင်း ကိုရီးယားရောဂါထိန်းချုပ်ရေးနှင့် ကာကွယ်ရေးဌာန( KCDC) က ဖေဖော်ဝါရီ ၂၆ ရက်တွင် ထုတ်ပြန်ခဲ့သည်။
ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရပြီးနောက် သေဆုံးသူ ၁၁ ဦးရှိသွားပြီဖြစ်ပြီး ယင်း ၁၁ ဦးမြောက်ပုဂ္ဂိုလ်သည် အသက် ၃၀ ကျော်အရွယ် မွန်ဂိုလီးယားအမျိုးသားဖြစ်ကာ တောင်ကိုရီးယား၌ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရပြီးနောက် ပထမဆုံးနိုင်ငံခြားသားတစ်ဦးသေဆုံးမှုလည်းဖြစ်သည်။
ကူးစက်ခံရသူသစ်များအနက် ၉၀ ရာခိုင်နှုန်းသည် ဗိ်ုင်းရပ်စ်ကူးစက်မှုဗဟိုချက်ဖြစ်သည့် ဒေဂူးမြို့နှင့် ပတ်ဝန်းကျင်ရှိ မြောက်ဂျွန်ဆန်းပြည်နယ်တို့မှဖြစ်သည်။ ဒေဂူးမြို့မှ ကီလိုမီတာ ၂၀ အကွာရှိ ကာရိုးစခန်းတွင် တာဝန်ကျနေသည့် အသက် ၂၃ နှစ်အရွယ် စစ်သည်တစ်ဦးသည်လည်း ဗိုင်းရပ်စ်ကူးစက်ခံထားရကြောင်း အမေရိကန်စစ်တပ်ကထုတ်ပြန်ခဲ့သည်။ စစ်စခန်းသည် ဗိုင်းရပ်စ်ကူးစက်ဖြစ်ပွားနေသည့် မသန်စွမ်းဂေဟာတစ်ခုနားတွင်တည်ရှိသည်။
ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံထားရသူတစ်ဦး လွန်ခဲ့သောအပတ်တွင် တောင်ကိုရီးယားလွှတ်တော်အစည်းအဝေးတက်ရောက်ခဲ့ကြောင်း အတည်ပြုနိုင်ခဲ့ပြီးနောက် လွှတ်တော်အစည်းအဝေးများကို ခေတ္တရပ်ဆိုင်းထားခဲ့သည်။ အစိုးရသည် ဗိုင်းရပ်စ်ထိန်းချုပ်ရေးအတွက် အရင်းအမြစ်အကုန်လုံးကိုအသုံးပြုမည်ဖြစ်ကြောင်း ဝန်ကြီးချုပ် ချွန်ဆဲကျွန်က ပြောဆိုခဲ့သည်။
ကိုရိုနာဗိုင်းရပ်စ်စတင်ဖြစ်ပွားရာ တရုတ်နိုင်ငံ၌လည်း ဖေဖော်ဝါရီ ၂၅ ရက်အကုန်ပိုင်းအထိ သေဆုံးသူ ၂၇၁၅ ဦးရှိခဲ့ပြီး တစ်နိုင်ငံလုံးအတိုင်းအတာအားဖြင့် ကူးစက်ခံထားရသူ ၇၈၀၆၄ ဦးရှိနေကြောင်း တရုတ်ကျန်းမာရေးကော်မရှင်က ဖေဖော်ဝါရီ ၂၆ ရက်တွင် ထုတ်ပြန်ခဲ့သည်။
ဗိ်ုင်းရပ်စ်ကူးစက်မှုဗဟိုချက်ဖြစ်သည့် ဟူပေးပြည်နယ်အပြင်ဘက်တွင် ဗိုင်းရပ်စ်ကူးစက်ခံရသူသစ်ဦးရေသည် ငါးဦးသာရှိခဲ့ပြီး ငါးရက်ဆက်တိုက်ဦးရေကျဆင်းလာခဲ့ခြင်းဖြစ်သည်။
ဗိုင်းရပ်စ်ကူးစက်မှုအန္တရာယ်နည်းပါးသွားပြီဖြစ်သောကြောင့် အရေးပေါ်တုံ့ပြန်မှုကို အဆင့်လျှော့ချမည်ဖြစ်ကြောင်း တရုတ်ရှိ ပြည်နယ်များစွာတို့က ဖေဖော်ဝါရီ ၂၆ ရက်တွင်ပြောဆိုခဲ့သည်။

















