အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်သည် လက်စ်ဗီးဂတ်မြို့တွင် မတ်လ ဒုတိယသီတင်းပတ်၌ အာဆီယံခေါင်းဆောင်များနှင့် ထိပ်သီးအစည်းအဝေး ကျင်းပရန် စီစဉ်ထားကြောင်း နိုင်ငံခြားရေးဝန်ကြီး မိုက်ပွမ်ပီယိုက ဖေဖော်ဝါရီ ၂၅ ရက်တွင် ထုတ်ပြန်ပြောကြားသည်။
ကိုရိုနာဗိုင်းရပ်စ်အရေးကြောင့် အာဆီယံအဖွဲ့ဝင် ၁၀ နိုင်ငံ၏ ခေါင်းဆောင်များနှင့် ထိပ်သီးဆွေးနွေးပွဲ ရွှေ့ဆိုင်းရန်ရှိ မရှိ သတင်းမီဒီယာများက မေးမြန်းမှုကို ပွမ်ပီယိုက အထက်ပါအတိုင်း ဖြေကြားခဲ့ခြင်းဖြစ်သည်။
နိုင်ငံတကာ သံတမန်များကလည်း မတ် ၁၂ ရက်တွင် ထရမ့်နှင့် အာဆီယံခေါင်းဆောင်များ လက်စ်ဗီးဂတ်မြို့၌ ထိပ်သီးအစည်းအဝေး ကျင်းပဖွယ်ရှိကြောင်း ပြောကြားထားသည်။ ပြီးခဲ့သည့်နှစ်က ဘန်ကောက်မြို့တွင် ကျင်းပခဲ့သည့် အာဆီယံ အစည်းအဝေးနှင့် အရှေ့အာရှ အစည်းအဝေးများသို့ သမ္မတ ထရမ့်သည် တက်ရောက်ခြင်းမရှိသည့်အတွက် အာရှပစိဖိတ်ဒေသအပေါ် အမေရိကန် အာရုံစိုက်မှု လျော့ကျပြီလားဟု မေးခွန်းထုတ်မှုများလည်း ထွက်ပေါ်ခဲ့သည်။
အစည်းအဝေးများသို့ နိုင်ငံတော်လုံခြုံရေးအကြံပေး အိုဘရိုင်ယန်ကိုသာ သမ္မတ ထရမ့်က စေလွှတ်ခဲ့သဖြင့် အာဆီယံ နိုင်ငံအများအပြားသည်လည်း အိုဘရိုင်ယန်နှင့် အဆင့်တူ ဝန်ကြီးများကိုသာ စေလွှတ်ကာ ဆွေးနွေးခဲ့ကြကြောင်း တွေ့ရသည်။
အာရှပစိဖိတ်နှင့် အာဆီယံဒေသတွင် တရုတ်သြဇာလွှမ်းမိုးလာမှုကို တန်ပြန်ရန် ပြီးခဲ့သည့် ဆယ်စုနှစ်အတွင်း အမေရိကန်သည် အာရှဗဟိုပြု မူဝါဒ ကျင့်သုံးခဲ့ပြီးနောက် သမ္မတ ထရမ့်လက်ထက်တွင် ပထမဆုံးအကြိမ်အဖြစ် အာဆီယံနှင့် အရှေ့အာရှ အစည်းအဝေးသို့ ရာထူးနိမ့်သူတစ်ဦးကို စေလွှတ်ခဲ့ခြင်းဖြစ်သည်။
ဘန်ကောက်တွင် အိုဘရိုင်ယန်သည် ရေလမ်းကြောင်း လွတ်လပ်ခွင့်အရေး ဖိအားပေး ပြောဆိုခဲ့သလို၊ အာဆီယံနိုင်ငံများ တောင်တရုတ်ပင်လယ်ပြင်အတွင်း ရေသယံဇာတများကို ထုတ်ယူသုံးစွဲခြင်း မပြုနိုင်စေရန် တရုတ်က ကြားဝင် ဟန့်တားလျက်ရှိကြောင်းလည်း ဝေဖန်ပြောကြားခဲ့သည်။

















