ကိုရီးယားလေကြောင်းလိုင်း(Korean Air )မှ လေယာဉ်အမှုထမ်းတစ်ဦး ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံထားရကြောင်း လေကြောင်းလိုင်းက ဖေဖော်ဝါရီ ၂၅ ရက် အနှောင်းပိုင်းတွင် ထုတ်ပြန်ခဲ့သည်။
လေယာဉ်အမှုထမ်း ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံထားရကြောင်း ကိုရီးယားရောဂါထိန်းချုပ်ရေးနှင့် ကာကွယ်ရေးဌာန(KCDC) က အသိပေးခဲ့ပြီးနောက် ကိုရီးယားလေကြောင်းလိုင်းသည် အင်ချွန်းအပြည်ပြည်ဆိုင်ရာလေဆိပ်နားရှိ ရုံးခန်းကို ပိတ်သိမ်းခဲ့သည်။
အဆိုပါ လေယာဉ်အမှုထမ်းသည် အစ္စရေးနှင့် အမေရိကန်ပြည်ထောင်စုတို့သို့ မကြာသေးမီတွင် သွားရောက်ခဲ့ကြောင်း တောင်ကိုရီးယားမီဒီယာများက ဖေဖော်ဝါရီ ၂၅ ရက်တွင် ဖော်ပြခဲ့သည်။ အဆိုပါဗိုင်းရပ်စ်ကူးစက်ခံထားရသော လေယာဉ်အမှုထမ်းသည် တောင်ကိုရီးယားမှ အစ္စရေးသို့ ဘုရားဖူးလာရောက်သူ ၂၀ဝ လိုက်ပါလာသည့် လေယာဉ်ဖြင့် ဘင်ဂူရီယံလေဆိပ်သို့ရောက်ရှိခဲ့သည်။ ယင်း ခရီးသည်များအနက်အချို့သည်လည်း ဗိုင်းရပ်စ်ကူးစက်ခံထားရကြောင်း နောက်ပိုင်းတွင် အတည်ပြုနိုင်ခဲ့သည်။
အစ္စရေးနိုင်ငံမှ ဖေဖော်ဝါရီ ၁၆ ရက်တွင် ထွက်ခွာခဲ့ပြီးနောက် အဆိုပါလေယာဉ်အမှုထမ်းသည် လော့စ်အိန်ဂျလိစ်သို့ လေယာဉ်ဖြင့်သွားရောက်ခဲ့ပြီး ယင်းနောက်တွင် ဆိုးလ်ရှိ အင်ချွန်းလေဆိပ်သို့ ဖေဖော်ဝါရီ ၂၁ ရက်တွင် ရောက်ရှိခဲ့သည်။ ယင်းနောက်တွင် ၎င်း ဗိုင်းရပ်စ်ကူးစက်ခံထားရကြောင်း စစ်ဆေးတွေ့ရှိခဲ့သည်ဟု တောင်ကိုရီးယားမီဒီယာများကဖော်ပြခဲ့သည်။
လေယာဉ်အမှုထမ်းတစ်ဦး ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံထားရကြောင်း ကိုရီးယားလေကြောင်းလိုင်းကထုတ်ပြန်ခဲ့သော်လည်း ယင်းအမှုထမ်း၏ လေကြောင်းခရီးစဉ်ကိုမူထုတ်ပြန်ခြင်းမရှိခဲ့ကြောင်း ရိုက်တာသတင်းဌာနကဖော်ပြခဲ့သည်။
အစ္စရေးရှိ တောင်ကိုရီးယားနိုင်ငံသားအားလုံး နိုင်ငံတွင်းမှ ထွက်ခွာရန် အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ယာဟုက ဖေဖော်ဝါရီ ၂၂ ရက်တွင် ညွှန်ကြားခဲ့ပြီးနောက် တောင်ကိုရီးယားမှ ဘုရားဖူးများသည် ဖေဖော်ဝါရီ ၂၃ ရက်တွင် အစ္စရေးမှပြန်လည်ထွက်ခွာခဲ့သည်။

















