ချယ်လ်ဆီးသည် ဖေဖော်ဝါရီ ၂၅ ရက်က ချန်ပီယံလိဂ်–၁၆ သင်း ရှုံးထွက်ပထမအကျော့အဖြစ် အိမ်ကွင်းတွင် ဘိုင်ယန်မြူးနစ်နှင့် ကစားခဲ့ရာ ခြေစွမ်းမယှဉ်နိုင်ခဲ့ဘဲ သုံးဂိုးပြတ်ရှုံးနိမ့် ခဲ့သောကြောင့် (၃၄) နှစ်အတွင်းအဆိုး ရွားဆုံး အိမ်ကွင်းရလဒ်ဆိုးဖြင့် ကြုံဆုံ ခဲ့ကြောင်း သိရသည်။
ချယ်လ်ဆီး တိုက်စစ်ကို ဂီရော့ဒ်ဦးဆောင်ခဲ့ပြီး ဘိုင်ယန်မြူးနစ်တိုက်စစ်ကို လီဝမ်ဒေါ့ စကီး ဦးဆောင်လာခဲ့သည်။ အိမ်ကွင်း၌ ကစားခဲ့ရသော်လည်း ချယ်လ်ဆီးသည် တစ်ပွဲလုံးတွင် ဘောလုံးပိုင်ဆိုင်မှု ၃၇ ရာခိုင်နှုန်းသာရရှိခဲ့ပြီး ဂိုးပေါက်တည့် ကန်သွင်းမှု သုံးကြိမ်သာရခဲ့သည်။ ဘိုင်ယန်မြူးနစ် တောင်ပံကစားသမား ဂနာဘရီမှာ အကောင်းဆုံး ခြေစွမ်းပြ ခဲ့ပြီး ဒုတိယပိုင်း ၅၁ မိနစ်နှင့် ၅၄ မိနစ်တွင် လီဝမ်ဒေါ့စကီး၏ ဖန်တီးမှု များမှတစ်ဆင့် ဂိုးများသွင်းပေးခဲ့သည်။ဘိုင်ယန်အတွက် တတိယဂိုးကို လီဝမ် ဒေါ့စကီးက ၇၆ မိနစ်တွင် သွင်းယူခဲ့၍ ချယ်လ်ဆီးမှာ ဂိုးပြတ်ရှုံးခဲ့ရသည်။
ဘိုင်ယန်ကိုရှုံးနိမ့်ခဲ့ခြင်းမှာ ချယ်လ်ဆီးအတွက် ယခုနှစ်ဘောလုံးရာသီ၌ ရှစ်ပွဲမြောက် အိမ်ကွင်းရှုံးပွဲဖြစ်ခဲ့ရာ ၁၉၈၅-၁၉၈၆ ဘောလုံးရာသီ နောက် ပိုင်း အိမ်ကွင်းရှုံးပွဲ အရေအတွက် အများဆုံးဖြစ်ခဲ့သည်။ ချယ်လ်ဆီး သည် ယခုနှစ်ချန်ပီယံလိဂ်အုပ်စု အဖွင့်ပွဲတွင် အိမ်ကွင်း၌ ဗလင်စီယာ ကို ရှုံးနိမ့်ခဲ့သည်။ ချယ်လ်ဆီးသည် ယခုနှစ်တွင် အိမ်ကွင်း၌ ဗလင်စီယာ၊ လီဗာပူး၊ မန်ယူ၊ ဝက်စ်ဟမ်း၊ ဘုန်း မောက်၊ ဆောက်သမ်တန်နှင့် ဘိုင်ယန် ကို ရှုံးနိမ့်ကာ မန်ယူကို နှစ်ပွဲရှုံးခဲ့ ခြင်းဖြစ်သည်။ ချယ်လ်ဆီးနည်းပြ လမ်းပတ်က ဘိုင်ယန်ကို ဂိုးပြတ်ရှုံးနိမ့် ခဲ့ခြင်းမှာ အသင်းအတွက် ကြမ်းတမ်း သည့် သင်ခန်းစာဖြစ်ကြောင်း ဝန်ခံခဲ့ သည်။
ခြေစွမ်းပြခဲ့သော ဘိုင်ယန်တိုက် စစ်မှူး လီဝမ်ဒေါ့စကီးမှာ ယခုနှစ် ချန်ပီယံလိဂ်အဝေးကွင်း သွင်းဂိုးကိုးဂိုး သွင်းယူနိုင်ခဲ့၍ ၂၀၁၃-၂၀၁၄ ဘောလုံး ရာသီက စီရိုနယ်ဒို၏ ချန်ပီယံလိဂ် အဝေးကွင်းသွင်းဂိုး အရေအတွက်ကို လိုက်မီခဲ့သည်။ ပိုလန်တိုက်စစ်မှူးသည် ယခုနှစ် ချန်ပီယံလိဂ် ဂိုးသွင်းအများဆုံးဖြစ်ကာ ၁၁ ဂိုးသွင်းယူထားပြီး ပြိုင်ပွဲစုံ ၃၉ ဂိုး သွင်းယူထားသူဖြစ် သည်။ တောင်ပံကစားသမား ဂနာ ဘရီမှာ စတမ်းဖို့ချ်ဘရစ်ချ်၌ ချန်ပီယံ လိဂ် အနိမ့်ဆုံးနှစ်ဂိုးသွင်းနိုင်သော ပဉ္စမမြောက် ကစားသမားဖြစ်လာခဲ့ သည်။
ထို့ပြင် ဂနာဘရီသည် ၂၀ဝ၅ ခုနှစ်က ရော်နယ်ဒင်ဟို ပြီးနောက် ချန်ပီယံလိဂ်ရှုံးထွက်အဆင့်၌ ချယ်လ် ဆီးကို နှစ်ဂိုးသွင်းနိုင်သော ကစားသမားလည်း ဖြစ်ခဲ့သည်။















