COVID-19 သတင်းမှားတိုက်ဖျက်ရေးအတွက် အင်တာနက်လုပ်ငန်းများနှင့် WHO ပူးပေါင်းတိုက်ဖျက်မည်

COVID-19 သတင်းမှားတိုက်ဖျက်ရေးအတွက် အင်တာနက်လုပ်ငန်းများနှင့် WHO ပူးပေါင်းတိုက်ဖျက်မည်

ကမ္ဘာတစ်ဝန်း ကိုရိုနာဗိုင်းရပ်စ် ပြန့်ပွားလာမှုနှင့်အတူ ဗိုင်းရပ်စ် ကောလာဟလ သတင်းမှားများလည်း အင်တာနက်ပေါ်၊ ဆိုရှယ်မီဒီယာများပေါ် ပျံ့နှံ့နေမှုကို တားဆီးရေးအတွက် အင်တာနက်လုပ်ငန်းကြီးများနှင့် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) တို့ ဖေဖော်ဝါရီ ၂၅ ရက်က ဆွေးနွေးခဲ့ကြသည်။

ဂူဂဲလ်၊ ဖေ့စ်ဘွတ်ခ်၊ တွစ်တာ၊ တန်းဆန့်၊ တစ်တော့ အပါအဝင် အင်တာနက်လုပ်ငန်းများနှင့် WHO ကိုယ်စားလှယ်များ ဆီလီကွန်တောင်ကြားရှိ ဖေ့စ်ဘွတ်ခ်ကုမ္ပဏီရုံးတွင် တွေ့ဆုံဆွေးနွေးကာ COVID-19 သတင်းမှားများ အွန်လိုင်းပေါ်မှ တိုက်ဖျက်ရေး၊ သတင်းမှန်များကို ဦးစားပေး ဖော်ပြနိုင်ရေး ဆွေးနွေးခဲ့ကြသည်။

"ကိုရိုနာဗိုင်းရပ်စ် သတင်းမှားတွေကို တိုက်ဖျက်ဖို့ သိပ်အရေးကြီးပါတယ်" ဟု WHO အကြီးအကဲ တဲဒရိုစ် အဓာနွမ် ဂဲဘရီရဲဆက်စ်က ပြောသည်။

COVID-19 နှင့် ပတ်သက်သော သတင်းအချက်အလက်များကို ဂူဂဲလ်တွင် ရှာဖွေလျှင် WHO က ထုတ်ပြန်ထားသော သတင်းအချက်အလက်များကို ဦးစားပေးဖော်ပြရန် ဂူဂဲလ်နှင့် WHO တို့ သဘောတူထားသည်။

ဂူဂဲလ်၏ အင်တာနက်အချက်အလက် ရှာဖွေရေးစနစ်သည်လည်း သက်ဆိုင်ရာအဖွဲ့အစည်းများက ထုတ်ပြန်သော ခိုင်မာတိကျကြောင်း အာမခံချက်ရရှိထားသည့် အချက်အလက်များကို ဦးစားပေးဖော်ပြသွားမည် ဖြစ်သည်။

ဂူဂဲလ်၊ တွစ်တာ၊ ဖေ့စ်ဘွတ်ခ်၊ တန်းဆန့်၊ တစ်တော့စသည့် ဆိုရှယ်မီဒီယာများသည် ၎င်းတို့ အွန်လိုင်းပလက်ဖောင်းပေါ်မှ သတင်းမှားများ တိုက်ဖျက်ရေးအတွက် တက်တက်ကြွကြွ ပူးပေါင်းပါဝင်မှုအပေါ် အားရမိကြောင်း ဂဲဘရီရဲဆက်စ်က ပြောသည်။

ဗိုင်းရပ်စ်နှင့် ပတ်သက်ပြီး နိုင်ငံတစ်ခုခု၊ အဖွဲ့အစည်း တစ်ရပ်ရပ်ကို အမည်ဖျက်ရန် ရည်ရွယ်ချက်ရှိရှိ တင်ထားသည့်ပို့စ်များ၊ လူမှုတည်ငြိမ်မှု ပျက်ပြားစေမည့် ပို့စ်များကို ဆန်းစစ်အရေးယူရန် စီစဉ်ထားကြောင်းလည်း ဖေ့စ်ဘွတ်ခ်က ပြောသည်။

သုံးစွဲသူများက ဗိုင်းရပ်စ်အကြောင်း ရှာဖွေသည့်အခါ သက်ဆိုင်ရာ အဖွဲ့အစည်းများက မှန်ကန်ကြောင်း အတည်ပြုထားသည့် အချက်အလက်များ၊ ပညာပေး အချက်အလက်များကို ဦးစားပေး ဖော်ပြသွားမည်ဖြစ်ကြောင်း ဖေ့စ်ဘွတ်ခ်က ထုတ်ပြန်ပြောကြားသည်။