နိုင်ငံအသစ်၊ ဒေသအသစ်များသို့ပါ ကူးစက်ပျံ့နှံ့လာနေသော COVID-19 ကိုရိုနာဗိုင်းရပ်စ် ကပ်ဘေးအတွက် ကမ္ဘာ့နိုင်ငံများ အဆင်သင့်မဖြစ်သေးကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ၏ တရုတ်ဆိုင်ရာ မစ်ရှင်အဖွဲ့ အကြီးအကဲက ဖေဖော်ဝါရီ ၂၅ ရက်တွင် မှတ်ချက်ပေး ပြောကြားလိုက်သည်။
ဗိုင်းရပ်စ်ဗဟိုချက်ဖြစ်သည့် တရုတ်နိုင်ငံ ဟူပေးပြည်နယ် ဝူဟန်မြို့တွင် ဗိုင်းရပ်စ် ကူးစက်မှုများ အရှိန်ကျလာပြီဖြစ်သော်လည်း အာရှ၊ ဥရောပနှင့် အရှေ့အလယ်ပိုင်းနိုင်ငံ အများအပြားသို့ ဗိုင်းရပ်စ် ပျံ့နှံ့လျက်ရှိနေသည်။ တောင်ကိုရီးယား၊ အီတလီ စသည့်နိုင်ငံများတွင် ဗိုင်းရပ်စ် ကူးစက်မှု ထိန်းချုပ်ရန် တစ်မြို့လုံး၊ တစ်ဒေသလုံး အဆက်အသွယ်ဖြတ်တောက်ကာ ထိန်းချုပ်ထားရသလို၊ ကိန္ဒရီကျွန်းနှင့် သြစတြီးယားရှိ ဟိုတယ်များတွင်လည်း ဗိုင်းရပ်စ် ကူးစက်မှု သံသယကြောင့် ဖေဖော်ဝါရီ ၂၅ ရက်က ဟိုတယ်များကို တားမြစ်ဧရိယာအဖြစ် သတ်မှတ်ကာ စောင့်ကြည့်ရလျက်ရှိသည်။
အီရန်တွင်လည်း ကူးစက်မှု တစ်ရာကျော်လာပြီဖြစ်ကာ ၁၅ ဦး သေဆုံးခဲ့ပြီဖြစ်ပြီး ဒုတိယကျန်းမာရေးဝန်ကြီး အိုင်ရက်ဂျ် ဟာရီချီကိုယ်တိုင် ဗိုင်းရပ်စ် ကူးစက်ခံထားရသည်။ WHO ၏ တရုတ်ဆိုင်ရာ မစ်ရှင်အဖွဲ့ အကြီးအကဲ ဘရုစ် အယ်ဝတ်က ကမ္ဘာ့နိုင်ငံ အများအပြားသည် ဗိုင်းရပ်စ် ထိန်းချုပ်ရေးအတွက် အသင့်ပြင်ဆင်ထားမှု မရှိကြောင်း ဂျနီဗာမြို့ အစည်းအဝေးတွင် ပြောသည်။
"ဗိုင်းရပ်စ်အရေးက အကြီးစား ကိုင်တွယ်ရမယ့်အရေး။ ခုကတည်းက အသင့်ဖြစ်နေကြဖို့လိုတယ်။ မနက်ဖြန်မှာ ကိုယ့်နိုင်ငံကို ကူးလာတော့မယ့် အနေအထားမျိုးနဲ့ကို အသင့်ပြင်ထားရတော့မှာ" ဟု မစ္စတာ အယ်ဝတ်က နိုင်ငံတကာအသိုင်းအဝိုင်းကို သတိပေး ပြောကြားလိုက်သည်။
ဗိုင်းရပ်စ်သည် တရုတ်တွင် လူပေါင်း ၇၇၀ဝ၀ ကျော်ကို ကူးစက်လျက်ရှိကာ သေဆုံးသူ ၂၆၀ဝ ကျော်သွားပြီဖြစ်ပြီး ကမ္ဘာ့ အခြားနိုင်ငံများတွင်လည်း ကူးစက်မှု ၂၇၀ဝ ကျော်နှင့် သေဆုံးသူ ၄၀ ကျော်သွားပြီဖြစ်သည်။

















