တရုတ်၌ ၂၄ နာရီအတွင်း ကိုရိုနာဗိုင်းရပ်စ်ကြောင့် သေဆုံးသူ ၂၉ ဦးရှိ

တရုတ်၌ ၂၄ နာရီအတွင်း ကိုရိုနာဗိုင်းရပ်စ်ကြောင့် သေဆုံးသူ ၂၉ ဦးရှိ

တရုတ်နိုင်ငံ၌ ဖေဖော်ဝါရီ ၂၇ ရက်အထိ ၂၄ နာရီအတွင်း ကိုရိုနာဗိုင်းရပ်စ်ကြောင့် သေဆုံးသူ ၂၉ ဦးရှိခဲ့သဖြင့် တစ်လတာနီးပါး ကာလအတွင်း နေ့စဉ်သေဆုံးသူအနည်းဆုံးရှိခဲ့ကြောင်း တရုတ်နိုင်ငံလုံးဆိုင်ရာ ကျန်းမာရေးကော်မရှင်က ဖေဖော်ဝါရီ ၂၇ ရက်တွင် ထုတ်ပြန်ခဲ့သည်။

တရုတ်ပြည်မကြီး၌ ကိုရိုနာဗိုင်းရပ်စ်ကြောင့် သေဆုံးသူ ၂၇၄၄ ဦးရှိနေပြီဖြစ်ကြောင်း ကော်မရှင်က ထုတ်ပြန်ခဲ့သည်။ သေဆုံးသူများအနက် ၂၆ ဦးသည် ဗိုင်းရပ်စ်ကူးစက်မှုဗဟိုချက်ဖြစ်သည့် ဟူပေးပြည်နယ်တွင်ဖြစ်သည်။ အခြားသေဆုံးသူသုံးဦးသည် ပေကျင်း၊ ဟေလွန်ချင်းနှင့် ဟဲနန်တို့မှဖြစ်သည်။

တရုတ်၌ ကိုရိုနာဗိုင်းရပ်စ်ကြောင့် သေဆုံးသူဦးရေသည် သုံးရက်ဆက်တိုက်ကျဆင်းခဲ့ပြီး ဇန်နဝါရီ ၂၉ ရက်မှစ၍ အနည်းဆုံးအဆင့်သို့ကျဆင်းသွားခဲ့သည်။ တရုတ်၌ ဖေဖော်ဝါရီ ၂၇ ရက်တွင် ဗိုင်းရပ်စ်ကူးစက်သူသစ် ၄၃၃ ဦးရှိခဲ့ပြီး ၎င်းတို့အနက် ၂၄ ဦးသာ ဟူပေးအပြင်ဘက်မှဖြစ်သည်။ တစ်နိုင်ငံလုံးအတိုင်းအတာအားဖြင့် ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံထားရသူ ၇၈၅၀၀ ဦးရှိနေပြီဖြစ်သည်။

တရုတ်နိုင်ငံပြင်ပ၌ နေ့စဉ် ဗိုင်းရပ်စ်ကူးစက်သူဦးရေသည် တရုတ်နိုင်ငံတွင်း ကူးစက်သူဦးရေထက် ပိုမိုများပြားလာနေသောကြောင့် တရုတ်အာဏာပိုင်များသည် ပြည်ပရှိ ဗိုင်းရပ်စ်ကူးစက်မှုအရင်းအမြစ်များကို အာရုံစိုက်လာရသည်။ အီရန်မှ ရှန်ဟိုင်းသို့လာရောက်သည့် ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံထားရသူတစ်ဦးနှင့် ထိတွေ့ဆက်ဆံခဲ့သူများကို ရှာဖွေနေကြောင်း ရှန်ဟိုင်းအုပ်ချုပ်ရေးအဖွဲ့ကပြောဆိုခဲ့သည်။

ဟူပေးပြည်နယ်ရှိ ချန်ချင်းမြို့အုပ်ချုပ်ရေးအဖွဲ့သည် ရောဂါလက္ခဏာများပြလာပြီး စစ်ဆေးမှုခံယူသူများအား ဆုကြေးအဖြစ် ယွမ် ၁၀၀၀၀(  ၁၄၂၅ ဒေါ်လာ) ပေးအပ်မည်ဖြစ်ကြောင်း ကြေညာချက်ထုတ်ပြန်လိုက်ပြီဖြစ်သည်။ ဟူပေးပြည်နယ် ြမို့တော် ဝူဟန်မှ ၁၅၀ ကီလိုမီတာအကွာရှိ ချန်ချင်းမြို့တွင် လူတစ်သန်းခန့်နေထိုင်ပြီး ယခုအချိန်အထိ ဗိုင်းရပ်စ်ကူးစက်ခံထားရသူ ၁၉၇ ဦးရှိနေသည်။

ဟူပေးပြည်နယ်၌ ဗိုင်းရပ်စ်ကူးစက်ခံထားရသူ ၆၅၀၀၀ ဦးရှိနေပြီး သေဆုံးသူ ၂၆၀၀ ကျော်ရှိနေပြီဖြစ်သည်။ ကမ္ဘာတစ်ဝန်းသေဆုံးသူဦးရေသည် ၂၈၀၀ ဦးရှိနေပြီး ကူးစက်ခံထားရသူ ၈၀၀၀၀ ဦးရှိနေသည်။