COVID-19 ဗိုင်းရပ်စ်ကြောင့် တောင်ကိုရီးယား၊ အမေရိကန် ပူးတွဲစစ်ရေးလေ့ကျင့်ပွဲ ရွှေ့ဆိုင်း

COVID-19 ဗိုင်းရပ်စ်ကြောင့် တောင်ကိုရီးယား၊ အမေရိကန် ပူးတွဲစစ်ရေးလေ့ကျင့်ပွဲ ရွှေ့ဆိုင်း

 COVID-19 ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှု စိုးရိမ်ရသည့်အတွက် ပူးတွဲစစ်ရေးလေ့ကျင့်ရန် စီစဉ်ထားမှုကို ဖျက်သိမ်းကြောင်း တောင်ကိုရီးယားနှင့် အမေရိကန် စစ်ဘက်က ဖေဖော်ဝါရီ ၂၇ တွင် ထုတ်ပြန်သည်။

တောင်ကိုရီးယား စစ်သည် ၂၀ ၊ အမေရိကန်စစ်သည် တစ်ဦးတို့ ဗိုင်းရပ်စ် ကူးစက်ခံထားရသည်။ တောင်ကိုရီးယားတွင် လက်ရှိအချိန်ထိ ဗိုင်းရပ်စ် ကူးစက်ခံထားရသူ ၁၆၀၀ ဝန်းကျင်ရှိနေပြီး တရုတ်ပြီးလျှင် ကူးစက်သူ အများဆုံးနိုင်ငံဖြစ်သည်။ ၂၀၂၀ ပြည့်နှစ် နှစ်ဝက်အတွက် ပူးတွဲစစ်ရေးလေ့ကျင့်ပွဲကို အကန့်အသတ်မရှိ ရွှေ့ဆိုင်းကြောင်း အမေရိကန်နှင့် တောင်ကိုရီးယားစစ်တပ်က ပူးတွဲကြေညာခဲ့သည်။

ဗိုင်းရပ်စ်အရေးကြောင့် ပူးတွဲစစ်ရေးလေ့ကျင့်ပွဲကို ရွှေ့ဆိုင်းရန် တောင်ကိုရီးယားစစ်ဦးစီးချုပ် ပါ့ခ် ဟန်ကီ၏ အဆိုပြုမှုကို တောင်ကိုရီးယားရှိ အမေရိကန်တပ်များ ဦးစီးချုပ် ရောဘတ် အေဘရမ်က လက်ခံခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ ပူးတွဲစစ်ရေးလေ့ကျင့်ပွဲ ရွှေ့ဆိုင်းရန် ပေါ့ပေါ့တန်တန် ဆုံးဖြတ်ခဲ့ခြင်းမဟုတ်ကြောင်း၊ စစ်ရေးလေ့ကျင့်ပွဲ ရွှေ့ဆိုင်းသည့်တိုင် မဟာမိတ်နှစ်နိုင်ငံ၏ စစ်ရေးပူးပေါင်းဆောင်ရွက်မှု စွမ်းပကားသည် အမြင့်ဆုံးရှိနေကြောင်း အမေရိကန်စစ်တပ် ပြောရေးဆိုခွင့်ရှိသူ လီ ပီတာကလည်း ပြောကြားသည်။

တောင်ကိုရီးယားတွင် စစ်သည် ခြောက်သိန်းရှိပြီး၊ အမေရိကန်စစ်သည် ၂၈၅၀၀ လည်း တပ်စွဲထားကာ COVID-19 ကိုရိုနာဗိုင်းရပ်စ်သည် တပ်ဖွဲ့ဝင်များကိုပါ ကူးစက်လာသည့်အတွက် စစ်တပ်အတွင်း ကူးစက်မှုမြင့်တက်ကာ တိုက်ခိုက်ရေး၊ ကာကွယ်ရေး စွမ်းရည်များ ထိခိုက်လာမည်ကို ရှောင်ရှားနိုင်ရန် ပူးတွဲစစ်ရေးလေ့ကျင့်ပွဲ ရွှေ့ဆိုင်းခြင်းဖြစ်ကြောင်း သိရသည်။

တောင်ကိုရီးယားစစ်သည် ၂၀ ဗိုင်းရက်စ် ကူးစက်ခံခဲ့ရပြီးနောက် ထိုစစ်သည်များနှင့် နီးစပ်သည့် စစ်သည် ၉၅၇၀ ဦးကို သီးခြားခွဲထား စောင့်ကြည့်နေသလို၊ စစ်သည်များကိုလည်း စခန်းမှ မထွက်ရန် ညွှန်ကြားထားသည်။ အမေရိကန်စစ်တပ်သည်လည်း အချို့သော စခန်းများတွင် စစ်သည်များ အပြင်မထွက်ရန်၊ စခန်းအတွင်း တစ်ယောက်နှင့်တစ်ယောက် လက်ဆွဲနှုတ်ဆက် ပွေ့ဖက်ခြင်း မပြုရန်နှင့် လူစုလူဝေးမလုပ်ရန် ညွှန်ကြားထားသည်။