၂၀၁၉ ခုနှစ်အတွင်း ဘီလျံနာဦးရေချင်းနှိုင်းယှဉ်လျှင် တရုတ်သည် အမေရိကန်ထက် သုံးပိုများကြောင်း ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ်များအဆင့်သတ်မှတ်ချက်တစ်ခုအရ သိရသည်။
၂၀၂၀ ပြည့်နှစ် ဇန်နဝါရီ ၃၁ ရက်အထိ တစ်နှစ်အတွင်း ဟောင်ကောင်နှင့် ထိုင်ဝမ်တို့အပါအဝင် တရုတ်ဒေသတစ်ခုလုံး၌ ဘီလျံနာသစ် ၁၈၂ ဦးရှိခဲ့ပြီး ယခင်ကရှိခဲ့သည့် ဘီလျံနာများကိုပါထည့်ပေါင်းလျှင် ၇၉၉ ဦးရှိနေကြောင်း ဖေဖော်ဝါရီ ၂၆ ရက်တွင် ထုတ်ပြန်ခဲ့သည့် ဟူရန်ကမ္ဘာလုံးဆိုင်ရာလူချမ်းသာစာရင်းတွင်ဖော်ပြထားသည်။ အလားတူကာလအတွင်း အမေရိကန်ပြည်ထောင်စု၌ ဘီလျံနာသစ် ၅၉ ဦးရှိခဲ့သည်။
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ကမ္ဘာ့ဒုတိယအကြီးဆုံးစီးပွားရေးပိုင်ဆိုင်ထားသည့် တရုတ်၌ ထိခိုက်မှုများရှိခဲ့သော်လည်း အွန်လိုင်းပညာရေး၊ အွန်လိုင်းဂိမ်းနှင့် ကာကွယ်ဆေးကဏ္ဍများရှိ တရုတ်ကုမ္ပဏီများ၏ စတော့ရှယ်ယာဈေးတက်ခဲ့ကြောင်း အစီရင်ခံစာတွင်ဖော်ပြထားသည်။
ရောဂါမကူးစက်စေရန်နှင့် ခရီးသွားကန့်သတ်ချက်များကြောင့် တရုတ်နိုင်ငံသားအများစုသည် အိမ်တွင်းအောင်းနေရမှုကြောင့် အွန်လိုင်းဝန်ဆောင်မှုလုပ်ငန်းများတိုးပွားလာပြီး iQiyi အွန်လိုင်းဗီဒီယိုလုပ်ငန်းကို ပိုင်ဆိုင်သည့် Baidu မှ ရော်ဘင် လီကဲ့သို့ ဘီလျံနာများ ချမ်းသာသထက်ပိုမိုချမ်းသာလာခဲ့သည်။
ကာကွယ်ဆေးထုတ်လုပ်ရေးနယ်ပယ်မှ စွန့်ဦးလုပ်ငန်းရှင်များဖြစ်သည့် Hualan Biological Engineering မှ အန်ကန်းနှင့် Zhifei Biological Products မှ ချန်း ရိန်ရှိန်းကဲ့သို့ လုပ်ငန်းရှင်များလည်း စီးပွားတိုးလာခဲ့သည်။ အမေရိကန်နှင့် အိန္ဒိယတို့ရှိ ဘီလျံနာစုစုပေါင်းထက် တရုတ်ရှိ ဘီလျံနာဦးရေပိုများနေကြောင်း ဟူရန်အစီရင်ခံစာ၏ဥက္ကဋ္ဌ ရူပတ် ဟူးဂေဗာ့ဖ်ကပြောဆိုခဲ့သည်။ အမေရိကန်ပြည်ထောင်စု၌ ဘီလျံနာ ၆၂၉ ဦးနှင့် အိန္ဒိယ၌ ဘီလျံနာ ၁၃၇ ဦးရှိနေသည်။
ဘီလျံနာသစ်များတွင် ဆေးဝါးကုမ္ပဏီ Yifan Xinfu Pharmaceutical ကိုပိုင်ဆိုင်သည့် ချိန် ရှန်းဖိန်နှင့် အွန်လိုင်းလျှော့ဈေးလက်လီကုမ္ပဏီ Vipshop ကိုပိုင်ဆိုင်သည့် ရှန်း ယာတို့ပါဝင်သည်။ သို့သော် အမေရိကန်စီးပွားရေးလုပ်ငန်းရှင်များသည် ကမ္ဘာ့အချမ်းသာဆုံးစာရင်းတွင် ထိပ်ဆုံးမှပါဝင်နေဆဲဖြစ်သည်။ အမေဇုန်လုပ်ငန်းတည်ထောင်သူ ဂျက်ဖ် ဘဲဇောစ်သည် ပိုင်ဆိုင်မှု ဒေါ်လာ ၁၄၀ ဘီလီယံဖြင့် ထိပ်ဆုံးနေရာတွင် သုံးနှစ်ဆက်တိုက်ဦးဆောင်နေခဲ့သည်။
တရုတ်အွန်လိုင်းစီးပွားရေးလုပ်ငန်း အလီဘာဘာမှ ဂျက်မားသည် တရုတ်ဘီလျံနာများအနက် ပိုင်ဆိုင်မှု ဒေါ်လာ ၄၅ ဘီလီယံဖြင့် ထိပ်ဆုံးမှ ဦးဆောင်နေကာ ကမ္ဘာဘီလျံနာအဆင့်တွင် ၂၁ ရှိနေသည်။ အမေရိကန်နှင့် တရုတ်ကုန်သွယ်ရေးစစ်ပွဲကြောင့် ထိခိုက်နစ်နာနေသည့် ဟွာဝေးလုပ်ငန်းကိုတည်ထောင်သူ ရန် ကျိန်းဖေးသည် ပုဂ္ဂလိကပိုင်ဆိုင်မှု ၇ ရာခိုင်နှုန်းတိုးလာပြီး ဒေါ်လာ ၃ ဘီလီယံရှိကာ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်နှင့် ချမ်းသာကြွယ်ဝမှုတွင် သူမသာကိုယ်မသာရှိနေသည်။
ပေကျင်းသည် ကမ္ဘာ့ဘီလျံနာအများဆုံးမြို့တော်အဖြစ် ငါးနှစ်ဆက်တိုက်ရပ်တည်နေပြီး မြို့တွင်း ဘီလျံနာ ၁၁၀ ဦးရှိနေသည်။ နယူးယောက်၌ ဘီလျံနာ ၉၈ ဦးရှိနေသည်။

















