ဆိုးလ် (တောင်ကိုရီးယား) - ကိုရိုနာဗိုင်းရပ်စ်အဓိကဖြစ်ပွားရာ တရုတ်နိုင်ငံတွင် တည်ငြိမ်လာသည့် လက္ခဏာများရှိသော်လည်း ခြိမ်းခြောက်မှုအသစ်များ ထို့ထက်ကျော်လွန်ဖြစ်ပွားကာ ဥရောပနှင့်အရှေ့အလယ်ပိုင်းမှ တာဝန်ရှိသူတို့က ရောဂါပျံ့နှံ့မှု ထိန်းချုပ်ရန် ကြိုးပမ်းနေကြသည်။
အီတလီတွင် အာဏာပိုင်တို့က လမ်းများအား အတားအဆီးများချထားကာ ဘောလုံးပွဲစဉ်များကို ဖျက်သိမ်းပြီး နာမည်ကျော် လာစကာလာပြဇာတ်ရုံ အပါအဝင် နေရာအတော်များများကို ပိတ်ထားခဲ့သည်။ အီရန်တွင် အဆိုပါရောဂါကြောင့် လူ ၁၂ ဦးသေဆုံးခဲ့သည်ဟု အစိုးရကပြောကြားကာ အိမ်နီးချင်းနိုင်ငံများဖြစ်သည့် အီရတ်၊ ကူဝိတ်၊ ဘာရိန်း၊ အိုမန်နှင့် အာဖဂန်နစ္စတန်တို့တွင်လည်း ပထမဆုံးရောဂါဖြစ်ပွားမှုရှိကြောင်း ဖော်ပြကာ ထိုသူများမှာ အီရန်နှင့် ဆက်နွှယ်မှုကြောင့် ရောဂါကူးစက်ခံရသူများ ဖြစ်သည်။
ကမ္ဘာတစ်ဝန်းတွင် ဗိုင်းရပ်စ်ပျံ့နှံ့မှုကျယ်ပြန့်လာသည့်အတွက် ကမ္ဘာလုံးဆိုင်ရာစီးပွားရေး နှေးကွေးမည်ကိုစိုးရိမ်ကာ စတော့စျေးကွက်များနှင့် စီးပွားရေးအနာဂတ်မှာ ကျွမ်းထိုးမှောက်ခုံဖြစ်နေသည်။
''ကမ္ဘာတစ်ဝန်းမှာ ဗိုင်းရပ်စ်အသစ်က ဘယ်လောက်လျင်လျင်မြန်မြန်ပျံ့နှံ့နိုင်လဲဆိုတာ ပြီးခဲ့တဲ့ရက်သတ္တပတ်အနည်းငယ်အတွင်းမှာပဲ ဖော်ပြခဲ့လို့ စိုးရိမ်ကြောက်ရွံ့မှုနဲ့ အနှောင့်အယှက်တွေ ဖြစ်ခဲ့ရတယ်''ဟု ကမ္ဘာ့ကျန်းမာရေးအဖွဲ့မှ အကြီးအကဲဖြစ်သူ တက်ဒ်ရော့စ်အက်ဒ်ဟာနွမ်ဂီဘရီရေးဆပ်စ်က ပြောသည်။
တရုတ်နိုင်ငံတွင် အဆိုပါဗိုင်းရပ်စ်သည် ဇန်နဝါရီ ၂၃ ရက်နှင့် ဖေဖော်ဝါရီ ၂ ရက်ကြား အမြင့်ဆုံးဖြစ်ပွားခဲ့ကာ ထိုအချိန်မှစကာ ရောဂါဖြစ်ပွားမှုကျဆင်းလာပြီဖြစ်သည်ဟု တရုတ်နိုင်ငံတွင် လောလောဆယ်ရောက်ရှိနေသော ကမ္ဘာ့ကျန်းမာရေးအဖွဲ့မှ ကျွမ်းကျင်သူများပါဝင်သည့် အဖွဲ့က ပြောသည်။
အဆိုပါဗိုင်းရပ်စ်သည် တရုတ်နိုင်ငံပြင်ပတွင်ပါ ဆက်လက်ဖြစ်ပေါ်နေရာ အီရန်မြို့တစ်မြို့ဖြစ်သော ကိုအမ်တွင် ကိုရိုနာဗိုင်းရပ်စ်ကြောင့် ဖြစ်ပွားသည့် COVID19 ရောဂါကြောင့် လူ ၅ဝ သေဆုံးခဲ့သည်ဟု အမတ်တစ်ဦး၏ပြောကြားချက်ကို ကိုးကားကာ အစိုးရနှင့် ပုဂ္ဂလိကတွဲဘက် တည်ထောင်ထားသည့် အိုင်အယ်လ်အင်န်အေ သတင်းဌာက ဖော်ပြခဲ့သည်။ အဆိုပါသတင်းကို အီရန်ကျန်းမာရေးဝန်ကြီးဌာနက ငြင်းဆိုကာ သေဆုံးသူမှာ ၁၂ ဦးနှင့် ရောဂါကူးစက်သူမှာ ၆၁ ဦးဟု ပြောကြားသည်။
အဆိုပါ ကိုရိုနာဗိုင်းရပ်စ်သည် တရုတ်နိုင်ငံရှိ ရောဂါရှိသူနှင့်ထိတွေ့မှုမှ ဖြစ်ပေါ်လာခြင်း အချက်တစ်ခုတည်းသာ မဟုတ်တော့သည်ကို လက်ခံလာကြသည်။ ကမ္ဘာတစ်ဝန်းရှိ နိုင်ငံများသည် COVID19 ကူးစက်မှုရင်းမြစ်များ ဖြစ်နိုင်ကြောင်းနှင့် ထို့ကြောင့် မည်သည့်နိုင်ငံမဆို ရောဂါကို ဖော်ထုတ်ရန်နှင့် ထိန်းချုပ်ရန် ပိုမိုခက်ခဲကြောင်း အီဒင်ဘာ့ဂ်တက္ကသိုလ်မှ ကူးစက်ရောဂါပျံ့ပွားခြင်းနှင့် ကာကွယ်ခြင်းဆိုင်ရာပညာရပ် ပါမောက္ခတစ်ဦးဖြစ်သူ မာ့ခ်ဝူးလ်ဟောက်စ်က ပြောသည်။
အီတလီနိုင်ငံမြောက်ပိုင်းမှ များမကြာသေးမီက ခရီးထွက်လာသည့် လူများကြောင့် COVID19 ရောဂါပျံ့ပွားခဲ့ကြောင်း ဖေဖော်ဝါရီ ၂၅ ရက်၌ ဥရောပခြောက်နိုင်ငံက ကြေညာခဲ့သည်။ ဆွစ်ဇာလန်၊ သြစတြီးယားနှင့် ခရိုအေးရှားတို့တွင် ရောဂါကူးစက်မှုရှိကြောင်း ပထမဆုံးအကြိမ် အတည်ပြုခဲ့သည်။ ဂျာမနီ၊ ပြင်သစ်နှင့် စပိန်တို့တွင်လည်း စောစောပိုင်းကတည်းကပင် ရောဂါကူးစက်မှုရှိကြောင်း အတည်ပြုခဲ့သည်။




















