မန်ယူသည် ဖေဖော်ဝါရီ ၂၇ ရက်က ယူရိုပါလိဂ် ၃၂ သင်းအဆင့် ရှုံးထွက်ဒုတိယကျော့ပွဲအဖြစ် အိမ်ကွင်း၌ ဘယ်လ်ဂျီယံကလပ် ဘရုဂျက်နှင့်ကစားခဲ့ရာ ကစားသမား တစ်ယောက်အသာရခဲ့ပြီး ငါးဂိုးပြတ်အနိုင်ရခဲ့၍ ၁၆ သင်း ရှုံးထွက်အဆင့်သို့ တက်ရောက်ခဲ့သည်။
မန်ယူပွဲထွက် လူစာရင်းတွင် အီဂါလို၊ ဘရူနိုဖာနန်ဒက်စ်၊ တွန်မီနေး၊ ဒန်နီရယ်ဂျိမ်းစ်၊ ဖရက်ဒ်နှင့် မာတာ အစရှိသောကစား သမားများပါဝင်ခဲ့သည်။ ဘရုဂျက်နောက်ခံလူ ဒယ်လီမှာ ပွဲချိန် ၂၂ မိနစ်၌ အနီကတ်ပြထုတ်ပယ်ခံရ၍ မန်ယူမှာ ကစားသမားတစ်ယောက် အသာရခဲ့သည်။ မန်ယူအတွက် အဖွင့်ဂိုးကို ဖာနန်ဒက်စ်က ၂၇ မိနစ်တွင် ပင်နယ်တီမှ သွင်းခဲ့ပြီး ဒုတိယဂိုးကို အီဂါလိုက ၃၄ မိနစ်၌ သွင်းခဲ့သည်။
ကွင်းလယ်လူ တွန်မီနေးမှာ ၄၁ မိနစ်၌ ဂိုးသွင်းခဲ့၍ မန်ယူမှာ ပထမပိုင်းအပြီး သုံးဂိုးပြတ်အနိုင်ရခဲ့သည်။ မန်ယူအတွက် ကျန်ဂိုးများကို ဖရက်ဒ်တစ်ဦးတည်းက ဒုတိယပိုင်း၌ သွင်းယူပေးခဲ့၍ ငါးဂိုးပြတ်အနိုင်ရခဲ့ခြင်း ဖြစ်သည်။ မန်ယူသည် ၂၀၁၃- နိုဝင်ဘာနောက်ပိုင်း ဥရောပပြိုင်ပွဲ၌ ပထမဆုံးအကြိမ် ဂိုးကွာခြားချက် ငါးဂိုး အသာဖြင့်အနိုင်ရခဲ့သည်။ ဘရူနိုဖာနန်ဒက်စ်မှာ ၂၀၁၂ ဧပြီလက နာနီပြီးနောက် မန်ယူအတွက် နှစ်ပွဲဆက် ဂိုးသွင်းပေးနိုင်သော ပထမဆုံးပေါ်တူဂီကစားသမားအဖြစ် မှတ်တမ်းဝင်ခဲ့သည်။
မန်ယူကစားသမားဘဝ ပထမဆုံးဂိုးမှာ ကွယ်လွန်သူ အစ်မဖြစ်သူကို ရည်စူးဟု နိုင်ဂျီးရီးယားတိုက်စစ်မှူး အီဂါ လိုက ပြောကြားခဲ့သည်။
၎င်းက "တီရှပ်ဝတ်ပြီး အောင်ပွဲ ခံခဲ့တာက ကွယ်လွန်သွားတဲ့ အစ်မအတွက်ပါ။ သူက ဒီဇင်ဘာမှာဆုံးပါးခဲ့တယ်။ သူက မန်ယူပရိသတ်တစ်ယောက် လည်းဖြစ်ပါတယ်။ ဒီဂိုးက အစ်မဖြစ်သူအတွက် ကျွန်တော် ရည်စူးပါတယ်။ မန်ယူအသင်းအတွက် ဂိုးသွင်းနိုင်ဖို့အချိန် စောင့်ခဲ့ရလို့ အခုဂိုးသွင်းနိုင်တော့ အိပ်မက်တွေတကယ် ဖြစ်လာတာပါ"ဟု ပွဲအပြီး၌ အသိပေးပြောကြားခဲ့သည်။















