တရုတ်နိုင်ငံ၌ COVID-19 ကူးစက်ရောဂါဖြင့် ဖေဖော်ဝါရီ ၂၈ ရက်တွင် သေဆုံးသူသစ် ၄၄ ဦးရှိခဲ့သောကြောင့် ယခုအချိန်အထိ တစ်နိုင်ငံလုံးအတိုင်းအတာအားဖြင့် သေဆုံးသူ ၂၈၀၀ ဦးရှိသွားပြီဖြစ် ကြောင်း တရုတ်နိုင်ငံလုံးဆိုင်ရာ ကျန်းမာရေးကော်မရှင်က ထုတ်ပြန်ခဲ့သည်။
ဖေဖော်ဝါရီ ၂၇ ရက်တွင် သေဆုံးသူ ၂၉ ဦးရှိခဲ့ရာမှ ဦးရေတိုးလာခဲ့ခြင်းဖြစ်သည်။ ဖေဖော်ဝါရီ ၂၈ ရက်တွင် သေဆုံးသူများအနက် နှစ်ဦးမှလွဲ၍ ကျန်လူအားလုံးသည် ဟူပေးပြည်နယ်မှဖြစ်သည်။ ဖေဖော်ဝါရီ ၂၈ ရက်တွင် ဗိုင်းရပ်စ်ကူးစက်သူသစ် ၃၂၇ ဦးရှိခဲ့ပြီး ဖေဖော်ဝါရီ ၂၇ ရက်တွင် ရှိခဲ့သည့် ၄၃၃ ဦးမှ ကျဆင်းသွားခဲ့ခြင်းဖြစ်သည်။
တရုတ်တစ်နိုင်ငံလုံးတွင် ဗိုင်းရပ်စ်ကူးစက်ခံထားရသူ ၇၈၈၂၄ ဦးရှိနေပြီဖြစ်ကြောင်း ကျန်းမာရေးကော်မရှင်ကထုတ်ပြန်ခဲ့သည်။ ဖေဖော်ဝါရီ ၂၈ ရက်တွင်ရှိခဲ့သည့် ဗိုင်းရပ်စ်ကူးစက်သူသစ် ဦးရေသည် ကူးစက်သူသစ် ၂၅၉ ဦးရှိခဲ့သည့် ဇန်နဝါရီ ၂၄ ရက်မှစ၍ အနည်းဆုံးဖြစ်ခဲ့သည်။
ကိုရိုနာဗိုင်းရပ်စ်ကင်းစင်လိမ့်မည်ဟု မည်သည့်နိုင်ငံမျှ မယူဆထားသင့်ဘဲ ယင်းသို့ယူဆထားပါက အမှားကြီးမှားလိမ့်မည်ဖြစ်ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့(WHO) ၏အကြီးအကဲ တဲဒရိုစ် အဓာနွမ် ဂျီဘရီယဲဆပ်စ်ကပြောဆိုခဲ့သည်။
ထိုင်းနိုင်ငံ၌ ဖေဖော်ဝါရီ ၂၈ ရက်တွင် ကိုရိုနာဗိုင်းရပ်စ်ကူးစက်သူသစ် တစ်ဦးရှိခဲ့ပြီး တစ်နိုင်ငံံလုံးအတိုင်းအတာအားဖြင့် ကူးစက်ခံထားရသူ ၄၁ ဦးရှိနေပြီဖြစ်ကြောင်း ထိုင်းကျန်းမာရေးဝန်ကြီးဌာန၏ အမြဲတမ်းအတွင်းဝန် ဆူခွမ် ကန်ချနာဖီမိုင်ကပြောဆိုခဲ့သည်။
နောက်ဆုံးကူးစက်ခံရသူသည် တောင်ကိုရီးယားမှ မကြာသေးမီတွ်ပြန်လာသည့် အသက် ၂၅ နှစ်အရွယ် ထိုင်းနိုင်ငံသားတစ်ဦးဖြစ်ပြီး ဗိုင်းရပ်စ်ကူးစက်ခံထားရကြောင်း ဖေဖော်ဝါရီ ၂၄ ရက်တွင် အတည်ပြုနိုင်ခဲ့သည်ဟု ကျန်ချနာဖီမိုင်ကပြောဆိုခဲ့သည်။
ထိုင်းနိုင်ငံ၌ ယခုအချိန်အထိ ကိုရိုနာဗိုင်းရပ်စ်လူနာ ၂၈ ဦး နေထိုင်ကောင်းလာသောကြောင့် ဆေးရုံမှ ဆင်းခွင့်ရရှိခဲ့ပြီး ၁၃ ဦးမှာ ကုသမှုခံယူနေရဆဲဖြစ်သည်။ ထိုင်နိုင်ငံ၌ ယခုအချိန်အထိ ကိုရိုနာဗိုင်းရပ်စ်ကြောင့် သေဆုံးသူမရှိသေးချေ။

















