ကံကောင်းသောကြောင့် အင်ဒိုနီးရှား၌ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရသူမရှိခြင်းဖြစ်ကြောင်း အင်ဒိုနီးရှားကျန်းမာရေးဝန်ကြီး တဲရာဝန် အဂက်စ် ပူထရန်တိုက နိုင်ငံ၏ ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုရှိမရှိ စစ်ဆေးမှုဖြစ်စဉ်နှင့် ပတ်သက်၍ ဖေဖော်ဝါရီ ၂၇ ရက်တွင် ခုခံပြောဆိုခဲ့သည်။
ကမ္ဘာပေါ်တွင် စတုတ္ထမြောက်လူဦးရေအများဆုံးဖြစ်သည့် အင်ဒိုနီးရှား၌ ယခုအချိန်အထိ ဗိုင်းရပ်စ်ကူးစက်ခံထားရသူမရှိသေးချေ။ ဂျပန်နိုင်ငံ ယိုကိုဟားမားကမ်းလွန်ရှိ စိန်မင်းသမီးသင်္ဘောပေါ်မှ အင်ဒိုနီးရှားနိုင်ငံသားရှစ်ဦးအပါအဝင် ပြည်ပရှိ အင်ဒိုနီးရှားနိုင်ငံသားတချို့မှာမူ ဗိုင်းရပ်စ်ကူးစက်ခံထားပြီးဖြစ်သည်။
ဗိုင်းရပ်စ်ကူးစက်ခံထားရသူအဖြစ် သံသယဝင်သည့် လူ ၁၃၄ ဦးကိုစစ်ဆေးခဲ့သော်လည်း ဗိုင်းရပ်စ်မရှိကြောင်း တွေ့ရှိခဲ့သည် ဟု ပူထရန်တိုကပြောဆိုခဲ့သည်။ ဘုရားသခင်စောင့်ရှောက်ခြင်း သာဖြစ်ကြောင်း ၎င်းကသတင်းထောက်များအားပြောဆိုခဲ့သည်။
ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံထားရသည့် လက္ခဏာပြခဲ့ပြီး ယခုအပတ်တွင် သေဆုံးခဲ့သူနှစ်ဦးကို စစ်ဆေးသည့်အခါတွင်လည်း ဗိုင်းရပ်စ်ကူးစက်ခံထားရခြင်းမရှိကြောင်း တွေ့ရှိခဲ့သည်ဟု ပူထရန်တိုကပြောဆိုခဲ့သည်။
လူဦးရေ သန်း ၂၆၀ ကျော်ရှိသော အင်ဒိုနီးရှားသည် ဗိုင်းရပ်စ်ကူးစက်မှုဗဟိုချက်ဖြစ်သည့် ဝူဟန်မြို့မှ တိုက်ရိုက်လေယာဉ်ခရီးစဉ်ရှိသဖြင့် အင်ဒိုနီးရှားအနေဖြင့် ဗိုင်းရပ်စ်ကူးစက်မှုရှိမရှိ စောင့်ကြည့်ထိန်းချုပ်မှုများကို ပိုမိုတင်းကျပ်စွာလုပ်ဆောင်သင့်ကြောင်း အမေရိကန်ပြည်ထောင်စု ဟားဗတ်တက္ကသိုလ်ရှိ တီအိပ်ချ်ချန်းအများပြည်သူကျန်းမာရေးကောလိပ်မှ သုတေသနပညာရှင်များက သတိပေးခဲ့ပြီးဖြစ်သည်။
လေယာဉ်ခရီးစဉ်များရှိနေသဖြင့် အင်ဒိုနီးရှားတွင် ဗိုင်းရပ်စ်ကူးစက်ခံထားရသော်လည်း ကူးစက်ထားမှန်းမသိခြင်းသာဖြစ်နိုင်ကြောင်း ဟားဗတ်မှပညာရှင်များက သတိပေးခဲ့သည်။
အင်ဒိုနီးရှားသည် တရုတ်နိုင်ငံသို့ လွန်ခဲ့သော ၁၄ အတွင်းသွားရောက်ခဲ့သူမည်သူမဆိုကို နိုင်ငံတွင်း ဝင်ရောက်ခွင့်ပေးမည်မဟုတ်ကြောင်း အင်ဒိုနီးရှားက ထုတ်ပြန်ထားသည်။ အင်ဒိုနီးရှားသည် အိမ်နီးချင်းနိ်ုင်ငံများနှင့် နှိုင်းယှဉ်လျှင် လူအနည်းငယ်ကိုသာ ဗိုင်းရပ်စ်ရှိမရှိစစ်ဆေးနေသဖြင့် ဝေဖန်မှုများလည်းရှိနေသည်။ ချောင်းဆိုးပြီး အဖျားရှိသူတိုင်းကိုစစ်ဆေးမည်ဆိုပါက လူသန်းပေါင်းများစွာကို စစ်ဆေးရတော့မည်ဖြစ်ကြောင်း ပူထရန်တိုကပြောဆိုခဲ့သည်။

















