COVID-19 ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှု စိုးရိမ်ရသဖြင့် နိုင်ငံတစ်ဝန်း မူုလတန်း၊ အလယ်တန်း၊ အထက်တန်းကျောင်းအားလုံး ပိတ်ထားရန် အစိုးရ ညွှန်ကြားချက်ကို ဒေသကောင်စီများက မကျေမနပ် ဝေဖန်လျက်ရှိကြောင်း သိရသည်။
ကျောင်းများ တစ်လခန့် ပိတ်ထားရန် သက်ဆိုင်ရာ ဒေသကောင်စီများကို အကြောင်းကြားထားကြောင်း ဖေဖော်ဝါရီ ၂၇ ရက်တွင် ဝန်ကြီးချုပ် ရှင်ဇို အာဘေးက ပြောသည်။ နေ့ကလေးထိန်းကျောင်းများ၊ ညနေပိုင်း သင်တန်းများကိုမူ ပုံမှန်အတိုင်း ဖွင့်ခွင့်ပြုထားမည်ဟု သိရသည်။ ဂျပန်တွင် အစိုးရသည် ကျောင်းများ ပိတ်ခိုင်းနိုင်သည့် အခွင့်အာဏာမရှိပေ။ ဒေသကောင်စီအဖွဲ့များထံတွင်သာ ရှိသည်။ ဒေသကောင်စီ အများစုက ကျောင်းပိတ်ရမည့်ကိစ္စကို အစိုးရသည် ၎င်းတို့ကို ကြိုတင် တိုင်ပင် ဆွေးနွေးခြင်းမျိုးမရှိဟုဆိုတာ မကျေမနပ် ဝေဖန်လျက်ရှိသည်။
ကျောင်းများ ပိတ်လိုက်ပါက အလုပ်တစ်ဖက်နှင့် မအားလပ်သော မိဘများအတွက် များစွာ အကျပ်ဆိုက်သွားကာ လူမှုအဖွဲ့အစည်း လည်ပတ်မှုများပါ ကျပ်တည်းသွားနိုင်သည်ဟု တိုကျို အရှေ့ပိုင်းရှိ ချီဘာမြို့ မြို့တော်ဝန် တိုရှီဟီတို ကူမာဂိုင်က ဝေဖန်သည်။
အီချီစီရင်စု အုပ်ချုပ်ရေးမှူး ဟိုင်ဒဲကီ အိုမူရာက အစိုးရ၏ ညွှန်ကြားချက်ကြောင့် အနည်းငယ် အံ့အားသင့်မိသော်လည်း ကူးစက်မှု မြန်ဆန်သည့် COVID-19 ဗိုင်းရပ်စ် ထိန်းချုပ်ရေးအတွက် ဝန်ကြီးချုပ် အာဘေးက လုပ်သင့်လုပ်ထိုက်သည်ကို လုပ်ခြင်းဖြစ်သည်ဟု ခံယူကြောင်း ဆိုသည်။
ဂျပန်တွင် COVID-19 ကူးစက်သူ ၂၀၀ ဝန်းကျင်ရှိပြီး လေးဦး သေဆုံးခဲ့သည်။ လာမည့် သီတင်းပတ် နှစ်ပတ် သုံးပတ် ကာလသည် ဗိုင်းရပ်စ်နှင့် ဂျပန်နိုင်ငံ သူနိုင်ကိုယ်နိုင် အဖြေစ်တစ်ခုထုတ်ရမည့် ကာလဖြစ်သည်။ ဇူလိုင်လတွင် ဂျပန်၌ အိုလံပစ်ပြိုင်ပွဲ ကျင်းပရမည်ဖြစ်ရာ ကိုရိုနာဗိုင်းရပ်စ်ကြောင့် အိုလံပစ် ကျင်းပသင့် မသင့်ကိုလည်း မေးခွန်းထုတ်စရာ ဖြစ်နေသည်။
ကျန်းမာရေးပညာရှင်များကမူ အစိုးရ၏ ုညွှန်ကြားချက်သည် သင့်လျော်ကြောင်း၊ ၂၀၀၉ ခုနှစ်က အလားတူ အဖျားပိုး ပြန့်ပွားစဉ်က ကျောင်းများပိတ်လိုက်ခြင်းကြောင့် ဗိုင်းရပ်စ် ကူးစက်မှုကို သိသိသာသာ လျှော့ချနိုင်ခဲ့ကြောင်း ထောက်ပြသည်။

















