အိုလံပီယာကို့စ်နှင့်ပွဲ၌ အပိုင်ဂိုးလွဲချော်ခဲ့မှုအတွက် မည်သို့မည်ပုံ ပြောရမှန်းမသိဟု အော်ဘာမီယန်ဆို

အိုလံပီယာကို့စ်နှင့်ပွဲ၌ အပိုင်ဂိုးလွဲချော်ခဲ့မှုအတွက် မည်သို့မည်ပုံ ပြောရမှန်းမသိဟု အော်ဘာမီယန်ဆို

အာဆင်နယ် အသင်းခေါင်းဆောင် အော်ဘာမီယန်က အိုလံပီယာကို့စ်နှင့် ကစားခဲ့သည့် ယူရိုပါလိဂ် ၃၂ သင်းအဆင့် ရှုံးထွက်ဒုတိယအကျော့ပွဲတွင် အပိုင်ဂိုး လွဲချော်ခဲ့မှုအတွက် မည်သို့မည်ပုံပြောရ မှန်းမသိတော့ဟု ဘီတီစပို့စ်နှင့်တွေ့ဆုံ ခဲ့ရာ၌ ပြောကြားခဲ့သည်။

အာဆင်နယ် သည် ပထမအကျော့ ကစားခဲ့စဉ်က တစ်ဂိုး ဂိုးမရှိဖြင့်အနိုင်ရခဲ့ပြီး ဒုတိယ အကျော့ကစားခဲ့ရာ မိနစ် ၉ဝ အတွင်း တစ်ဂိုး ဂိုးမရှိဖြင့် ရှုံးနိမ့်ခဲ့၍ အချိန်ပို ဆက်ကစားခဲ့ရသည်။

အော်ဘာမီယန်သည် ပွဲချိန် ၁၁၃ မိနစ်၌ အာဆင်နယ်အတွက် ဂိုးသွင်းပေး ခဲ့သော်လည်း အိုလံပီယာကို့စ်တိုက်စစ် မှူး အယ်လ်အာရာဘီက ၁၁၉ မိနစ်၌ ချေပဂိုးသွင်းခဲ့သည်။ အော်ဘာမီယန်သည် ပွဲပြီးလုချိန်တွင် ဂိုးနှင့်လေးကိုက်အကွာမှ အပိုင်ဂိုးသွင်းယူခဲ့ရာ အံ့အားသင့်ဖွယ် လွဲချော်ခဲ့ရသည်။ ထို့နောက် ဂိုးရလဒ် မပြောင်းခဲ့၍ အိုလံပီယာကို့စ်မှာ အဝေး ဂိုးစည်းမျဉ်းအရ နောက်တစ်ဆင့်သို့တက် ရောက်နိုင်ခဲ့သည်။

အော်ဘာမီယန်က ''စိတ်ပျက်စရာ ကောင်းပါတယ်။ ကျွန်တော် ဘာပြောနိုင် ဦးမှာလဲ။ ဂိုးပေါက်လွဲခဲ့လို့ စိတ်မကောင်း ဖြစ်မိတယ်။ ဘယ်လိုလွဲသွားမှန်းတောင် မသိဘူး။ ကြွက်တက်နေခဲ့တယ်။ မောနေတာလည်း ပါတယ်။ ဒါက ဆင်ခြေပေးတာ မဟုတ်ပါဘူး''ဟု ဆိုခဲ့သည်။ အာဆင်နယ် သည် ပရီးမီးယားလိဂ်၌ ရလဒ်ကောင်း ရန်သာ ကြိုးစားရတော့မည်ဖြစ်သည်။



ဖတ်ရှုမှုအများဆုံး