အီတလီ စီးရီးစီကစားသမား တစ်ဦးမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံထားရကြောင်း အီတလီသတင်းစာတစ်စောင် ဖြစ်သည့် လာနာဇီယွန်နီကဖော်ပြခဲ့သည်။
ကမ္ဘာတစ်ဝန်းပြန့်ပွားနေသော ကိုရိုနာ ဗိုင်းရပ်စ်မှာ အီတလီနိုင်ငံမြောက်ပိုင်း၌ လည်း ကူးစက်မှုများရှိနေရာ အသက် ၂၂ နှစ်အရွယ် ပီယန်နက်စီကစားသမားမှာ အီတလီ၌ ရောဂါကူးစက်ခံရသော ပထမဆုံး ဘောလုံးသမားတစ်ဦး ဖြစ်လာသည်။
အီတလီသတင်းစာ၏ ဖော်ပြချက်အရ ရောဂါကူးစက်ခံရသော ကစားသမား၏ အမည်ကိုမူ မသိရှိရပေ။ အဆိုပါကစားသမားကို ဆရာဝန်များက စစ်ဆေးခဲ့ရာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံထားရကြောင်း တွေ့ရှိခဲ့ရခြင်းဖြစ်သည်။ ကစားသမားမှာ အဖျားဝေဒနာခံစားနေရပြီး နေထိုင်မကောင်းဖြစ်နေသည်။ ထို့ကြောင့် ကစားသမားမှာ ဖေဖော်ဝါရီ ၂၃ ရက်က ဂျူဗင် တပ်စ် ယူ–၂၃ အသင်းနှင့်ကစားခဲ့သော စီးရီးစီပွဲတွင် ပါဝင်ကစားခဲ့ခြင်းမရှိခဲ့ ကြောင်း သိရသည်။
အီတလီ၌ ကိုရိုနာဗိုင်းရပ်စ်ကူးစက် ခံထားရသူ အယောက် ၄ဝဝ ကျော်ရှိ နေပြီး ရောဂါကြောင့် စုစုပေါင်း ၁၄ ဦး သေဆုံးခဲ့ကြောင်း သိရသည်။















