အာဖရိကတိုက် ဆာဟာရသဲကန္တာ ရ တောင်ပိုင်းခြမ်းဒေသတွင် ပထမဆုံးအဖြစ် နိုင်ဂျီးရီးယားနိုင်ငံတွင် COVID-19 ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံထားရသူတစ်ဦး တွေ့ရှိကြောင်း အာဏာပိုင်များက ဖေဖော်ဝါရီ ၂၈ ရက်က ထုတ်ပြန်ခဲ့သည်။
"နိုင်ဂျီးရီးယားမှာ အလုပ်လုပ်တဲ့ အီတလီနိုင်ငံသားမှာ ဗိုင်းရပ်စ်ပါလာတာပါ။ မီလန်မြို့ကနေ ဖေဖော်ဝါရီ ၂၅ ရက်က လာဂို့စ်မြို့ကို ပြန်လာတာ ဗိုင်းရပ်စ်ပါလာမှန်း စစ်ဆေးတွေ့ရှိခဲ့တာ ဖြစ်ပါတယ်"ဟု နိုင်ဂျီးရီးယားကျန်းမာရေးဝန်ကြီး အိုဆာဂီအီဟာနီက ပြောသည်။
လူနာကို လာဂို့စ်မြို့ ကူးစက်ဆေးရုံတွင် သီးခြားထားရှိ စောင့်ကြည့်နေပြီး ကျန်းမာရေးကောင်းမွန်လျက်ရှိကြောင်း သိရသည်။ အာဖရိကတစ်တိုက်လုံးတွင် နိုင်ဂျီးရီးယားရှေ့က အီဂျစ်နှင့် အယ်လ်ဂျီးရီးယားတို့တွင်သာ ကူးစက်မှုနှစ်မှုရှိခဲ့သည်။ အာဖရိကသည် တရုတ်နှင့် စီးပွားရေးဆက်ဆံမှုများပြားသဖြင့် တရုတ်ဘက်မှ ဗိုင်းရပ်စ်ကူးစက်သူများ ဝင်လာနိုင်ခြေအတွက် အာဏာပိုင်များက စိုးရိမ်လျက်ရှိသည်။
နယူးဇီလန်နိုင်ငံ အုတ်ကလန်မြို့တွင်လည်း အီရန်မှရောက်လာသည့် ခရီးသည်တစ်ဦး၌ COVID-19 ဗိုင်းရပ်စ်ပိုးပါလာကြောင်း ဖေဖော်ဝါရီ ၂၈ ရက်တွင် အာဏာပိုင်များက ထုတ်ပြန်သည်။ အီရန်နိုင်ငံသားခရီးသည်သည် ဘာလီမှတစ်ဆင့် အုတ်ကလန်သို့ လေယာဉ်ပြောင်းစီးလာသူဖြစ်သည်။ လူနာသည် အသက်(၆၀)အရွယ်အမျိုးသားဖြစ်ပြီး အုတ်ကလန်မြို့ဆေးရုံတွင် သီးခြားထားရှိစောင့်ကြည့်လျက်ရှိကြောင်း သိရသည်။
ထိုသူနှင့်အတူ ဘာလီမှ အုတ်ကလန်သို့ အမ်းမရိတ်လေကြောင်းလိုင်း လေယာဉ်ဖြင့် လိုက်ပါလာသူများကိုလည်း နောက်ကြောင်းပြန်စာရင်းကောက်ယူလျက်ရှိပြီး နယူးဇီလန်နိုင်ငံသားများထဲမှ ထိုလေယာဉ်ဖြင့် လိုက်ပါလာသူများသည်လည်း ကျန်းမာရေးထိခိုက်သည်ဆိုပါက အာဏာပိုင်များကို အမြန် ဆုံးအကြောင်းကြားရန် အစိုးရက နှိုးဆော်ထားသည်။

















