မန္တလေးမြို့ မဟာအောင်မြေကျောက်မျက်ရတနာဈေးတွင် နေ့စဉ်အရောင်းအဝယ်လုပ်ကိုင်သူဦးရေ ထောင်ချီ ဝင်၊ ထွက်နေပြီးတရုတ်ကုန်သည်များလည်းရှိနေသဖြင့် ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ရေးအတွက် ကျန်းမာရေးစစ်ဆေးမှုများလုပ်ဆောင်ပေးရန် မြို့တော်စည်ပင်သာယာသို့ တင်ပြမည်ဖြစ်ကြောင်း ဈေးအကျိုးတော်ဆောင်အတွင်းရေးမှူး ဦးမျိုးမြင့်နိုင်က ပြောသည်။
အဆိုပါကျောက်မျက်ဈေးတွင် ဝင်၊ ထွက်ပေါက် ခြောက်ခုရှိသည့်အနက် အများဆုံးဝင်ထွက်သည့် လေး ခုတွင် ကျန်းမာရေးဝန်ထမ်းအနည်းဆုံးတစ်ဦးစီထားရှိ၍ ကိုယ်အပူချိန် တိုင်းတာပေးရန် အကျိုးတော်ဆောင်အဖွဲ့က လိုလားကြောင်း သိရသည်။
"အဖျားတိုင်းတဲ့ ပစ္စည်းတွေ ဝယ်ပေးဖို့၊ ငွေကြေးလိုအပ်ရင် ကျွန်တော်တို့ဘက်က ဖြည့်ဆည်းဖို့တာဝန်ယူတယ်။ အဆင်သင့်ပဲ။ စီးပွားရေးလုပ်နေကြတာဆိုတော့ ကျန်းမာရေးမှာ ဘာမှမသိဘူး။ ဝင်ပေါက်ထွက်ပေါက်တွေမှာ ကျန်းမာရေးဝန်ထမ်းတွေနဲ့ စစ်ဆေးပေးစေချင်လို့ပါ"ဟု ၎င်းက ပြောသည်။
ကျန်းမာရေးဌာနအနေဖြင့် ကျောက်မျက်ဈေးအတွင်း ပညာပေးဟောပြောခြင်းများ လုပ်ဆောင်ပေးနေသော်လည်း ဝင်၊ ထွက်ပေါက်လေးခုမှ နေ့စဉ်လူဦးရေထောင်ချီဝင်ထွက်နေသဖြင့် အဖျားတိုင်းခြင်း လုပ်ဆောင်ရန် ဝန်ထမ်းအင်အားမလုံလောက်သည့် အခက်အခဲရှိသောကြောင့် မြို့တော်စည်ပင်သာယာသို့ တင်ပြသွားမည်ဖြစ်သည်။
"ကျွန်တော်တို့ဆီမှာ မတွေ့သေးဘူးဆိုပေမယ့် လူစုလူဝေးတွေလျှော့ချဖို့ ကျန်းမာရေးအကြံပြုချက်ရှိတော့ ထောင်ချီဝင်ထွက်နေတဲ့ ကျောက်ဝိုင်းမှာ ကာကွယ်ရေးလုပ်ချင်လို့ ကျန်းမာရေးဌာန၊ မြို့တော်စည်ပင်နဲ့ ဈေးအကျိုးတော်ဆောင်အဖွဲ့အစည်းအဝေးကလည်း မနေ့ကနဲ့ဆို သုံးကြိမ်လုပ်ပြီးသွားပြီ"ဟု ၎င်းက ဆက်လက်ပြောသည်။
ဈေးအတွင်း၌ တရုတ်ကုန်သည် များနှင့် ကျောက်စိမ်းအရောင်းအဝယ် လုပ်ကိုင်သူများရှိနေပြီး ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ရေး အသိပညာပေးဟောပြောမှုသုံးကြိမ် ဆောင်ရွက်ပြီးကြောင်း၊ လိုက်နာသင့်သည့် အချက်အလက်များကိုဗီနိုင်းများဖြင့် အသိပေးခြင်းနှင့် ငါးမိနစ်ကြာ ပညာပေးအသံသွင်း စီဒီချပ်နေ့စဉ်ဖွင့်ပေးခြင်းတို့ လုပ်ဆောင်ရန် အစီအစဉ်ရှိကြောင်း သိရသည်။
















