တောင်ကိုရီးယား၌ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံထားရသူ ၂၉၃၁ ဦးနှင့် သေဆုံးသူ ၁၆ ဦးရှိနေ

တောင်ကိုရီးယား၌ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံထားရသူ ၂၉၃၁ ဦးနှင့် သေဆုံးသူ ၁၆ ဦးရှိနေ

တောင်ကိုရီးယားနိုင်ငံ၌ ဖေဖော်ဝါရီ ၂၉ ရက်တွင် ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရသူသစ် ၅၉၄ ဦးရှိခဲ့သောကြောင့် တစ်နိုင်ငံလုံးတွင် ဗိုင်းရပ်စ်ကူးစက်ခံထားရသူ ၂၉၃၁ ဦးရှိသွားပြီဖြစ်ကြောင်း ကိုရီးယားရောဂါထိန်းချုပ်ရေးနှင့် ကာကွယ်ရေးဌာန(KCDC) က ထုတ်ပြန်ခဲ့သည်။
 

ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံထားရသူများအနက် ၉၀ ရာခိုင်နှုန်းကျော်သည် ဒေဂူးမြို့နှင့် ပတ်ဝန်းကျင် မြောက်ဂျွန်ဆန်းပြည်နယ်တို့မှဖြစ်ကြောင်း ဌာနကပြောဆိုခဲ့သည်။ ဒေဂူးရှိ အမျိုးသမီးသုံးဦး ကိုရိုနာဗိုင်းရပ်စ်ကြောင့် သေဆုံးခဲ့ကာ တစ်နိုင်ငံလုံးတွင် ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရပြီးနောက်သေဆုံးသူ ၁၆ ဦးရှိသွားပြီဖြစ်သည်။ သေဆုံးသူတစ်ဦးသည် အသက် ၉၀ ကျော်အရွယ်ရှိသူတစ်ဦးဖြစ်သည်။ အခြားလူနှစ်ဦးမှာမူ သေဆုံးပြီးနောက် စစ်ဆေးကြည့်ရာမှ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံခဲ့ရသူများဖြစ်ကြောင်း ယွန်ဟတ်သတင်းဌာနကဖော်ပြခဲ့သည်။

တောင်ကိုရီးယားနိုင်ငံရှိ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရသူများအနက် ထက်ဝက်ခန့်နှင့်ပတ်သက်မှုရှိသည့် ရှင်ချွန်ဂျီဘုရားကျောင်းအသင်းဝင် ၂၁၀ဝ၀ဝ ဦးကျော်ကိုလည်း ဗိုင်းရပ်စ်ကူးစက်ခံရခြင်းရှိမရှိကို စစ်ဆေးမှုများစတင်ပြုလုပ်နေပြီဖြစ်သောကြောင့် ကူးစက်ခံရသူဦးရေသည် အဆမတန်တိုးမြင့်လာနိုင်သည်။

ဘုရားကျောင်းသို့သွားရောက်ခဲ့သည့် အသက် ၆၁ နှစ်အရွယ် အမျိုးသမီးတစ်ဦးသည် ဖေဖော်ဝါရီ ၁၀ ရက်တွင် ဖျားနာခဲ့သော်လည်း ဘုရားကျောင်းရှိ တရားပွဲလေးပွဲထက်မနည်းကိုတက်ရောက်ခဲ့ကာ ယင်းနောက်တွင် ၎င်း ဗိုင်းရပ်စ်ကူးစက်ခံထားရကြောင်း စစ်ဆေးတွေ့ရှိခဲ့သည်။

ရှင်ချွန်ဂျီဘုရားကျောင်းအသင်းဝင်များကို ဗိုင်းရပ်စ်ရှိမရှိစစ်ဆေးနေသောကြောင့် တောင်ကိုရီးယား၌ ဗိုင်းရပ်စ်ကူးစက်ခံရသူဦးရေသည် ၃၀ဝ၀ ဦးအထိရှိလာနိုင်ကြောင်း ဒေဂူးမြို့တော်ဝန် ကွန် ယောင်ဂျင်က ပြောဆိုခဲ့သည်။ ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုကြောင့် တောင်ကိုရီးယားအမျိုးသားဂီတအဖွဲ့ BTS သည် ဆိုးလ်၌ ဧပြီတွင် ဖျော်ဖြေရန်စီစဉ်ထားမှုကို ဖျက်သိမ်းခဲ့သည်။

ကိုရိုနာဗိုင်းရပ်စ်စတင်ခဲ့ရာ တရုတ်နိုင်ငံ၌လည်း ဖေဖော်ဝါရီ ၂၈ ရက်အနှောင်းပိုင်းအထိ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံထားရသူ ၇၉၂၅၁ ဦးရှိသွားပြီဖြစ်သည်။ ဖေဖော်ဝါရီ ၂၈ ရက် အနှောင်းပိုင်းအထိ တရုတ်၌ ကိုရိုနာဗိုင်းရပ်စ်ကြောင့် သေဆုံးသူ ၂၈၃၅ ဦးရှိသွားပြီဖြစ်သည်။