အများယောင်လို့ လိုက်ယောင်၊ အမောင်တောင်မှန်းမြောက် မှန်းမသိသည့်အထဲတွင် မိမိ မပါဝင်သည်မှာ အလွန်တရာ သေချာပါသည်။ အခုမှ အသံကောင်းဟစ်ရအောင်လည်း မိမိသည် လေးဖြူမဟုတ်မှန်း မိမိကိုယ်တိုင် အသိဆုံးဖြစ်သည်။ မဆိုသလောက်ကလေး ထိမိခြစ်မိရုံမျှဖြင့် သွေးတွေပန်းထွက်ပြီး အနာတရဖြစ်ရလောက်အောင် မိမိအရေပြားမှာ မပါးလွှာသည်ကိုလည်း ရေရေရာရာသဘောပေါက်ပါသည်။ ထိရှတုံ့ပြန်လွယ်တဲ့ မြန်မာလူထုတွေကြားမှာ နိုင်ငံရေးလုပ်ရတာ အရမ်းအရသာရှိတာပဲ... ဆိုသော ဘောင်းဘီဝတ်နိုင်ငံရေးသမားတစ်ဦး၏ စကားသည် အခါးသက်သက်သာဖြစ်သည်။
အရိပ်ပြလျှင် အကောင်ထင်၍ အကောင်ကြီးတစ်ကောင်လုံးချပြစဉ် အရိပ်ကို လိုက်ရှာနေသူတွေ ဒီခေတ်ကြီးထဲမှာ ရှိနေဦးမည်ဆိုလျှင် ခဏအသာမဆိုင်းဘဲအဘဆရာမှိုင်းကို သေရွာက နှိုးထ ခေါ်ပြီး "မင်းတို့ဉာဏ်အမြင် တစ်ထွာတစ်မိုက်ရယ် နဲ့ ငြင်းဖို့သန်လျှင် မိုက်ရာကျပါလိမ့်" ဆိုသော ကဗျာကို ရွတ်ဆိုစေရမည်ထင့်။ ကာလနဂါးနှင့် အတင်းကြီး အမျိုးစပ်ထားသော အမှန်တရားသည် အနှစ် ၆၀ လုံးလုံး အိပ်ပျော်ချင်ယောင်ဆောင်နေခဲ့သည်။ ရှစ်လေးလုံးရက်စွဲများတွင် လမ်းပေါ်တက် အော်ဟစ်ခဲ့ကြသော ပြည်သူ့အသံကြောင့် အမှန်တရားက အိပ်ချင်မူးတူးပုံစံဖြင့် ခဏထပြီး ခေါင်းထောင်ကြည့်လိုက်သေးသည်။
ပြီးတော့ အဆိုတော်ဂျက်မြသောင်း၏ "ဒါလေးများ... ဒါလေးများ"သီချင်းကို ညည်းပြီး ပြန်အိပ်ပျော်သွားပြန်သည်။ အခုတော့ မကြာခဏ ထထအော်နေသော ပြည်သူများကြောင့် အိမ်ချင်ယောင်ဆောင်လို့မရတော့။ ယခုအချိန်တွင်တော့ အမှန် တရားသည် အိပ်ရေးမဝသဖြင့် ကြည်ကြည်လင်လင် မဟုတ်သည့်တိုင် ဆက်အိပ်နေ၍လည်း မရတော့ ဘဲ နိုးစ ထစ ပြုလာရပြီဖြစ်သည်။ လမ်းမပေါ်က သုံးယောက်တစ်တန်းသည် အမှန် တရားဖြစ်သည်။ ဆင်တူ ဝတ်ဆင်ထားသော အင်္ကျီအဖြူရောင်များသည် အမှန်တရားဖြစ်သည်။
ပါးပေါ်တွင် ကပ်ထားသော စတစ်ကာများသည် အမှန်တရားဖြစ်သည်။ ညီညာသော ကြွေးကြော်သံများသည် အမှန် တရားဖြစ်သည်။ လူမှုကွန်ရက်ပေါ်က အဖြူအမည်း ပရိုဖိုင်းပုံလေးများသည် အမှန်တရားဖြစ်သည်။
ကျယ်ကျယ်လောင်လောင် ထွက်ပေါ်လာသော "ဗစ်တိုးရီးယား"ဆိုသည့် အသံသည် အမှန်တရား ဖြစ်သည်။
ဗစ်တိုရီးယားကို လက်တစ်လုံးခြား ဘယ်သူတွေကများ ဖျောက်ပစ်လိုက်ကြပါသတဲ့လဲ။ ဒေးဗစ်ကော်ပါဖီးလား။ ပဉ္စလှည့် မှော်အတတ်ပညာရှင်လား။ ဒါမှမဟုတ် အလှည့် အပတ် အလိမ်အခေါက်ကျွမ်းကျင်တဲ့ စီရော်နယ်ဒိုလား...။ မည်သူပဲဖြစ်ဖြစ် ယခုအချိန်တွင်တော့ ဗစ်တိုရီးယားကို ပြည်သူအားလုံးက အလိုရှိနေသည်မှာ သေချာပါသည်
ခက်နေသည်က ဗစ်တိုးရီးယားပျောက်ဆုံးနေခြင်းပဲဖြစ်သည်။ ဗစ်တိုးရီးယားသည် အိပ်ရာက နိုးနိုးချင်းဆိုသလိုပဲ ပျောက်ချင်းမလှ ပျောက်သွားခြင်းမျိုးဖြစ်သည်။ အမှန်တော့ ဗစ်တိုးရီးယားရှိနေသည်။ ရှိနေမှန်းလည်း အားလုံးသိကြသည်။ မျက်စိရှေ့တွင်ပင် ကြည့်နေရင်းက ပျောက်သွားသည်မှာ ထူးထူးဆန်းဆန်း နိုင်လှသည်။
ဗစ်တိုးရီးယားကို လက်တစ်လုံးခြား ဘယ်သူတွေကများ ဖျောက်ပစ်လိုက်ကြပါသတဲ့လဲ။ ဒေးဗစ်ကော်ပါဖီးလား။ ပဉ္စလှည့် မှော်အတတ်ပညာရှင်လား။ ဒါမှမဟုတ် အလှည့်အပတ်အလိမ်အခေါက် ကျွမ်းကျင်တဲ့ စီရော်နယ်ဒိုလား...။ မည်သူပဲဖြစ် ဖြစ် ယခုအချိန်တွင်တော့ ဗစ်တိုးရီးယားကို ပြည်သူ အားလုံးက အလိုရှိနေသည်မှာ သေချာပါသည်။
ယခုအခါ ဗစ်တိုးရီးယားသည် လူတွေအားလုံး၏ မျက်ကွယ်တစ်နေရာက ချောင်တစ်ချောင်တွင် တိတ်တဆိတ် ငိုကြွေးနေလိမ့်မည်ထင်ပါသည်။ တနင်္ဂနွေသားတစ်ဦးကို အရေးပေါ် မင်းသားကောက် တင်ခဲ့သော ထိုးဇာတ်တစ်ခုသည်လည်း ယခုအချိန် တွင် ကိုးရိုးကားရား မလှမပဇာတ်သိမ်းခဲ့ပြီဖြစ်သည်။ ထိုအတွက် ဇာတ်ညွှန်းရေးဆရာသည် နောက်ဇာတ်တစ်ဇာတ်ကို အမြန်ဆုံးရေးရန်အတွက် အလောတကြီး ပြင်ဆင်နေလိမ့်မည်ဖြစ်သည်။
ထိုအတောအတွင်းမှာပင် ဗစ်တိုးရီးယားချစ်သူများက အာခေါင်တွေ ခြောက်ကပ်လုအထိ ဟစ် အော်ခေါ်နေကြမည်လည်း ဖြစ်သည်။ ဗစ်တိုးရီးယားကို ပြန်မတွေ့မချင်း၊ ဗစ်တိုးရီးယားကို ပြန်မရမချင်း ထိုကဲ့သို့ပင် အယောက်စီတိုင်းက တောင်းဆို အော်ဟစ်နေကြပါလိမ့်မည်။ ထိုအသံကို နှလုံးသားနှင့် နားထောင်သူတိုင်း ကျယ်ကျယ်လောင်လောင် ကြားနေရမည်သာဖြစ်သည်။
"ငါ့ကို ဗစ်တိုးရီးယား ပြန်ပေး"။

















