နိုင်ငံတွင်း ကိုရိုနာဗိုင်းရပ်စ်ကူးစက်လျှင် ဆိုးရွားသော အကျိုးဆက်များရှိလာမည်ဟု ကင်ဂျုံအွန် သတိပေး

နိုင်ငံတွင်း ကိုရိုနာဗိုင်းရပ်စ်ကူးစက်လျှင် ဆိုးရွားသော အကျိုးဆက်များရှိလာမည်ဟု ကင်ဂျုံအွန် သတိပေး

မြောက်ကိုရီးယားနိုင်ငံသို့ ကိုရိုနာဗိုင်းရပ်စ်ကူးစက်လာခြင်းမရှိစေရန် ကြိုတင်စီမံမှုများတွင် ပျက်ကွက်မှုများရှိခဲ့ပါက ဆိုးရွားသော အကျိုးဆက်များကိုခံစားရမည်ဖြစ်ကြောင်း မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန်က ပါတီထိပ်တန်းအရာရှိများအား သတိပေးပြောဆိုခဲ့ကြောင်း နိုင်ငံပိုင်မီဒီယာက ဖေဖော်ဝါရီ ၂၉ ရက်တွင် ဖော်ပြခဲ့သည်။
 

အားနည်းချိနဲ့သော ကျန်းမာရေးစနစ်ရှိပြီး ဆင်းရဲမွဲတေသော မြောက်ကိုရီးယားနိုင်ငံသည် ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခြင်းမရှိစေရန်အတွက် နယ်စပ်များကို ပိတ်ဆို့ထားပြီးဖြစ်သည်။ ကိုရိုနာဗိုင်းရပ်စ်တိုက်ဖျက်ရေးသည် ပြည်သူများကိုကာကွယ်ရန်အတွက် နိုင်ငံတော်၏အရေးအကြီးဆုံးတာဝန်ဖြစ်ပြီး ယင်းအတွက် စည်းကမ်းကို အမြင့်ဆုံးအထိ တင်းကျပ်ရမည်ဖြစ်ကြောင်း ကင်က အာဏာရ အလုပ်သမားပါတီအစည်းအဝေးတွင် ပြောဆိုခဲ့သည်ဟု နိုင်ငံပိုင် KCNA သတင်းဌာနကဖော်ပြခဲ့သည်။

ကူးစက်ရောဂါတိုက်ဖျက်ရေးလုပ်ဆောင်မှုများတွင် အကျင့်ပျက်ခြစားမှုများရှိခဲ့မှုနှင့်ဆက်စပ်၍ ပါတီဒုတိယဥက္ကဋ္ဌများဖြစ်သော ရီ မန်ဂွန်နှင့် ပါ့ခ် သဲဒေါ့တို့ကို ရာထူးမှဖယ်ရှားခဲ့ပြီး ပါတီဌာနခွဲတစ်ခုကိုလည်း ခြစားမှုဖြင့် ဖျက်သိမ်းခဲ့ပြီးဖြစ်သည်။

ရေကြောင်း၊ လေကြောင်း၊ ကုန်းကြောင်း မည်သည့်လမ်းကြောင်းကိုမဆိုပိတ်ဆို့ထားရန် ကင်က အစိုးရအရာရှိများအား ညွှန်ကြားခဲ့သည်။ မြောက်ကိုရီးယားသည် နိုင်ငံခြားခရီးသွားဝင်ရောက်ခွင့်ကိုပိတ်ပင်ထားပြီး နိုင်ငံတကာရထားနှင့်လေယာဉ်ခရီးစဉ်များကို ရပ်ဆိ်ုင်းထားကာ ရောဂါကူးစက်မည်ကိုစိုးရိမ်သဖြင့် နိုင်ငံခြားသားရာပေါင်းများစွာကိုလည်း သီးခြားထားရှိ စောင့်ကြည့်နေသည်။

မြောက်ကိုရီးယား၏ကိုရိုနာဗိုင်းရပ်စ်တိုက်ဖျက်ရေးလုပ်ဆောင်မှုသည် ရှေးကနှင့်မတူ ပြင်းထန်လွန်းလှကြောင်း နိုင်ငံခြားသံတမန်များက ပြောဆိုခဲ့သည်။ မြောက်ကိုရီးယား၌ ကိုရိုနာဗိုင်းရပ်စ်တိုက်ဖျက်ရေးအတွက် ကူညီရန် မြောက်ကိုရီးယား၏နျူနှင့်လက်နက်စီမံကိန်းများကြောင့် ချမှတ်ထားသည့် ပိတ်ဆို့မှုများအနက် အချို့ကို လူသားချင်းစာနာထောက်ထားသည့်အနေဖြင့် ဖြေလျှော့ပြီး ဆေးကုသရေးဆိုင်ရာကိရိယာများတင်သွင်းခွင့်ပြုရန် ကုလသမဂ္ဂဆိုင်ရာ ဂျာမနီသံအမတ်ကြီး ခရစ္စတိုဖ် ဟူဇ်ဂန်က ကုလလုံခြုံရေးကောင်စီ၌ တိုက်တွန်းခဲ့သည်။