အမေရိကန်ပြည်ထောင်စု လက်စ်ဗီးဂတ်မြို့၌ မတ်လအလယ်ပိုင်းတွင် ပြုလုပ်ရန် စီစဉ်ထားသည့် အာဆီယံထိပ်သီးအစည်းအဝေးကို ကိုရိုနာဗိုင်းရပ်စ်ပျံ့နှံ့မှုကြောင့် အမေရိကန်က ရက်ရွှေ့ဆိုင်းလိုက်ပြီဖြစ်ကြောင်း အမေရိကန်သမ္မတဒေါ်နယ်ထရမ့်အစိုးရအဖွဲ့ရှိ အရာရှိတစ်ဦးနှင့် ဖိလစ်ပိုင်သံအမတ်ကြီးတို့က ဖေဖော်ဝါရီ ၂၈ ရက်တွင် ပြောဆိုခဲ့သည်။
အမေရိကန်သမ္မတထရမ့်သည် အာဆီယံအဖွဲ့ဝင် ၁၀ နိုင်ငံမှ ခေါင်းဆောင်များကို လက်စ်ဗီးဂတ်သို့ ဖိတ်ကြားခဲ့ခြင်းဖြစ်သည်။ ထရမ့်သည် ယမန်နှစ်တွင် ထိုင်းနိုင်ငံ၌ ပြုလုပ်ခဲ့သည့် အာဆီယံအစည်းအဝေးကိုမတက်ရောက်ဘဲ အမျိုးသားလုံခြုံရေးအရာရှိ ရောဘတ်အိုဘရိုင်ယန်ကိုသာ စေလွှတ်ခဲ့သည်။
အမေရိကန်အစိုးရသည် အာဆီယံမဟာမိတ်များနှင့် ဆွေးနွေးပြီးနောက် ခက်ခဲသော ဆုံးဖြတ်ချက်ကို ချမှတ်ခဲ့ရခြင်းဖြစ်ကြောင်း ထရမ့်အစိုးရအဖွဲ့ရှိ အမည်မဖော်လိုသော အစိုးရအရာရှိကြီးတစ်ဦးကပြောဆိုခဲ့သည်။
ဖိလစ်ပိုင်နှင့် အခြားအာဆီယံအဖွဲ့ဝင်နိုင်ငံများ၏သံရုံးများအား ထိပ်သီးအစည်းအဝေးရက်ရွှေ့ဆိုင်းမှုနှင့်ပတ်သက်၍ အသိပေးခဲ့ပြီးဖြစ်ကြောင်း အမေရိကန်ဆိုင်ရာ ဖိလစ်ပိုင်သံအမတ်ကြီး ဟိုဆေး မယ်နူယယ် ရိုမြူဒက်ဇ်ကပြောဆိုခဲ့သည်။
ကိုရိုနာဗိုင်းရပ်စ်ပျံ့နှံ့မှုသည် အလေးအနက်ထားရမည့် ကိစ္စဖြစ်သောကြောင့် ရက်ရွှေ့ဆိုင်းခြင်းကို ထောက်ခံကြောင်း ရိုမြူဒက်ဇ်ကပြောဆိုခဲ့သည်။ ဖိလစ်ပိုင်သမ္မတ ရိုဒရီဂို ဒူတာတေးနှင့် မလေးရှားခေါင်းဆောင် မဟာသီယာ မိုဟာမက်တို့က လက်စ်ဗီးဂတ်အစည်းအဝေးကို တက်ရောက်မည်မဟုတ်ကြောင်း ပြောဆိုထားပြီးဖြစ်သည်။ ဘရူနိုင်း၊ ကမ္ဘောဒီးယား၊ အင်ဒိုနီးရှား၊ လာအို၊ မြန်မာ၊ မလေးရှား၊ ဖိလစ်ပိုင်၊ စင်ကာပူ၊ ထိုင်းနှင့် ဗီယက်နမ်တို့သည် အာဆီယံအဖွဲ့ဝင်နိုင်ငံများဖြစ်ကြသည်။

















