ကိုရိုနာဗိုင်းရပ်စ်သည် ဆာဟာရသဲကန္တာရတောင်ပိုင်း အာဖရိကနိုင်ငံတစ်နိုင်ငံသို့ ကူးစက်ခဲ့ပြီးနောက် ကမ္ဘာ့ကျန်းမာရေးအဖွဲ့(WHO)သည် ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုနှင့် ထိခိုက်နိုင်သည့် အန္တရာယ်ကို အမြင့်ဆုံးအထိ ဖေဖော်ဝါရီ ၂၈ ရက်တွင် တိုးမြှင့်သတ်မှတ်ခဲ့သည်။
ကိုရိုနာဗိုင်းရပ်စ်သည် အန္တာတိကတိုက်မှလွဲ၍ ကျန်တိုက်ကြီးများသို့ ပျံ့နှံ့သွားခဲ့ပြီဖြစ်သည်။ ဗိုင်းရပ်စ်ကြောင့် ကမ္ဘာတစ်ဝန်း သေဆုံးသူ ၂၈၀ဝ ကျော်သွားပြီဖြစ်ပြီး လူ ၈၄၀ဝ၀ ဦးကျော် ကူးစက်ခံထားရပြီဖြစ်သည်။
သို့သော် ကိုရိုနာဗိုင်းရပ်စ်သည် လွန်ခဲ့သော ၂၄ နာရီအတွင်း အဇာဘိုင်ဂျန်မှ မက္ကဆီကိုနှင့် နယူးဇီလန်တို့အထိ ပျံနှံ့ခဲ့ပြီဖြစ်သည်။ ကိုရိုနာဗိုင်းရပ်စ်ပျံ့နှံ့မှုနှင့် ထိခိုက်နိုင်သည့် အန္တရာယ်သုံးသပ်ချက်ကို တစ်ကမ္ဘာလုံးအတိုင်းအတာအားဖြင့် အမြင့်ဆုံးအဆင့်အထိ တိုးမြှင့်လိုက်ပြီဖြစ်ကြောင်း WHO အကြီးအကဲ တဲဒရိုစ် အဓာနွမ် ဂျီဘရီယဲဆပ်စ်က သတင်းထောက်များအားပြောဆိုခဲ့သည်။
သို့သော် ဗိုင်းရပ်စ်သည် လူ့အသိုင်းအဝိုင်းများကြား အတားအဆီးမရှိပျံ့နှံ့နေပြီဆိုသည့် အထောက်အထားကို မတွေ့ရသေးသောကြောင့် ဗိုင်းရပ်စ်ကိုထိန်းချုပ်နိုင်စွမ်းရှိနေသေးကြောင်း ဂျီဘရီယဲဆပ်စ်ကပြောဆိုခဲ့သည်။ ကူးစက်မှုချိတ်ဆက်ကိုဖြတ်နိုင်မှသာ ဗိုင်းရပ်စ်ပျံ့နှံ့မှုကို ထိန်းချုပ်နိုင်မည်ဖြစ်ကြောင်း ၎င်းကပြောဆိုခဲ့သည်။
အကြီးမားဆုံး ရန်သူမှာ ဗိုင်းရပ်စ်မဟုတ်ဘဲ အကြောက်တရား၊ ကောလာဟလနှင့် အယူအစွဲကြီးမှုတို့သာဖြစ်ပြီး လူသားအတွက် အကြီးဆုံးအားသာချက်မှာ ဆင်ခြင်နိုင်စွမ်းနှင့် ညီညွတ်မှုတို့သာဖြစ်ကြောင်း WHO အကြီးအကဲက ဆက်လက်ပြောဆိုခဲ့သည်။ သို့သော် ကမ္ဘာလုံးဆိုင်ရာ ရင်းနှီးမြှုပ်နှံသူများ အစိုးရိမ်ပိုပြီး ဈေးကွက်ရှယ်ယာတန်ဖိုးများ ထိုးကျသွားခဲ့သည်။
စိုးရိမ်နေရမည့် အချိန်မဟုတ်ဘဲ အပြည့်အဝပြင်ဆင်ထားရမည့် အချိန်သာဖြစ်ကြောင်း ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ် အန်ထော်နီယို ဂူတာရက်စ်ကပြောဆိုခဲ့သည်။ ရောဂါကူးစက်မှုကို ထိန်းချုပ်နိုင်ရေးအတွက် နိုင်ငံအချို့ အပြင်းအထန်ကြိုးပမ်းနေရသည်ကို မြင်တွေ့နေရကြောင်း WHO ၏ ကျန်းမာရေးအရေးပေါ်အစီအစဉ်အကြီးအကဲ မိုက်ကယ် ရိုင်ယန်က ပြောဆိုခဲ့သည်။
အာဖရိကတိုက်သည် ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုကို တုံ့ပြန်ရန် အရင်းအမြစ်လုံလုံ လောက်လောက်မရှိသဖြင့် ယင်းအတွက် WHO က အထူးစိုးရိမ်နေသည်။ အီဂျစ်နှင့် အယ်လ်ဂျီးရီးယားတို့တွင် ဗိုင်းရပ်စ်ကူးစက်ခံထားရသူများရှိနေကြောင်း မကြာသေးမီရက်များတွင် ထုတ်ပြန်မှုများရှိခဲ့သော်လည်း ဖေဖော်ဝါရီ ၂၈ ရက်ကျမှသာ ဆာဟာရသဲကန္တာရတောင်ပိုင်းနိုင်ငံများအနက် တစ်နိုင်ငံဖြစ်သည့် နိုင်ဂျီးရီးယားနိုင်ငံ လာဂို့စ်ရှိ အီတလီနိုင်ငံသားတစ်ဦး ဗိုင်းရပ်စ်ကူးစက်ခံထားရကြောင်း ထုတ်ပြန်ခဲ့သည်။

















