ဂျူဗင်တပ်စ် အဓိကတိုက်စစ်မှူး စီရိုနယ်ဒိုက ယနေ့ည ကစားမည့် ပြိုင်ဘက်အင်တာမီလန်နှင့် အီတလီ ဒါဘီပွဲကို ကိုရိုနာဗိုင်းရပ်စ်ပြန့်ပွားနေမှုကြောင့် ကွင်းပိတ်ကစားမည် ဖြစ်ရာ ပရိသတ်များကို မမြင်တွေ့ရ၍ အဆင်မပြေသော် လည်း ကျန်းမာရေးကသာ အဓိကဟု ပြောကြားခဲ့သည်။ အီတလီနိုင်ငံတွင် ကိုရိုနာဗိုင်းရပ်စ် ပြန့်ပွားနေရာ လူပေါင်း ၈ဝဝ ကျော် ရောဂါကူးစက် ခံထားရသည့်အပြင် စုစုပေါင်း လူ ၂၁ ဦး အသက်သေဆုံးခဲ့သည်။ မကြာသေးခင်က အီတလီစီးရီးစီ ကစားသမားတစ်ဦးမှာလည်း ကိုရိုနာဗိုင်း ရပ်စ် ကူးစက်ခံခဲ့ရကြောင်း သိရသည်။
ထို့ကြောင့် တာဝန်ရှိသူများက စီးရီးအေပွဲစဉ်အချို့ကို ကွင်းပိတ်ကစားရန် ဆုံးဖြတ်ခဲ့ရာ ဂျူဗင်တပ်စ်နှင့် အင်တာ မီလန်တို့၏ အီတလီ ဒါဘီပွဲလည်း ပါဝင်ခဲ့သည်။ စီရိုနယ် ဒိုက ''ပရိသတ်တွေမပါဘဲ ကစားရမှာဖြစ်တာကြောင့် ကျွန်တော်တို့ မပျော်ဘူး။ ဒါပေမယ့် ကျွန်တော်တို့အလုပ်က အနိုင်ရအောင်ကစားဖို့ပါ။ ဘာပဲဖြစ်ဖြစ် ဒီပွဲက စိတ်လှုပ် ရှားစရာကောင်းတဲ့ ပွဲဖြစ်ပါတယ်။ ရီးရဲလ်မက်ဒရစ်နဲ့ ဘာစီလိုနာတို့ တွေ့ဆုံသလိုမျိုး အခုပွဲက တကယ့်ပွဲကြီး ပွဲကောင်းပါ။ ကျွန်တော်တို့ကတော့ အနိုင်ရအောင် ကစား မှာပါ။ ကွင်းထဲမှာ ပရိသတ်တွေကို မတွေ့ရတာက အဆင် မပြေပါဘူး။ ဒါပေမဲ့ ကျန်းမာရေးကသာ အဓိကပါ။ တံခါး ပိတ်ကစားမှ ရမယ်ဆိုတာကလည်း အကောင်းဆုံး အဖြေ တစ်ခုပါ''ဟု ပြောကြားခဲ့သည်။
ဆက်လက်၍ စီရိုနယ်ဒိုက ချန်ပီယံလိဂ် ၁၆ သင်း ရှုံးထွက်ပထမအကျော့တွင် လိုင်ယွန်ကွင်း၌ တစ်ဂိုး ဂိုးမရှိ ဖြင့် ရှုံးနိမ့်ခဲ့သော်လည်း နောက်တစ်ဆင့် တက်ရောက်နိုင် မည်ဟု ယုံကြည်ထားကြောင်း ဖွင့်ဟခဲ့သည်။ ချန်ပီယံလိဂ် ပြိုင်ပွဲမှ ပြုတ်ကျန်မည်ကို မစိုးရိမ်ဟု စီရိုနယ်ဒိုက ပြော ကြားခဲ့သည်။ ဂျူဗင်တပ်စ်သည် ၁၉၉၆ ခုနှစ်နောက်ပိုင်း ချန်ပီယံလိဂ်ဆုဖလားနှင့် ဝေးကွာနေသည်မှာ လက်ရှိအချိန် အထိဖြစ်ကြောင်း သိရသည်။















