ဒဏ်ရာကြောင့် ကာလရှည် အနားယူ ခဲ့ရသည့် မန်စီးတီး တောင်ပံကစားသမား ဆာနေးသည် အာဆင်နယ် ယူ–၂၃ အသင်းနှင့် ကစားခဲ့သောပွဲတွင် ပထမဆုံး အကြိမ် ဘောလုံးပြန်လည်ကစားနိုင်ခဲ့ ကြောင်း သိရသည်။ အသက် ၂၄ နှစ် အရွယ် ဂျာမနီ ကစားသမားလည်းဖြစ်သူ ဆာနေးသည် ၂ဝ၁၉ ခုနှစ် သြဂုတ်လက လီဗာပူးနှင့် ကစားခဲ့သော ကွန်မြူနတီ ဒိုင်းပြိုင်ပွဲတွင် ဒဏ်ရာပြင်းထန်စွာ ရရှိ ခဲ့ပြီးနောက် အနားယူခဲ့ရသူ ဖြစ်သည်။
ယခုအခါ ဆာနေး၏ဒဏ်ရာမှာ ပြန် လည်သက်သာလာပြီးနောက် မန်စီးတီး ယူ–၂၃ အသင်းနှင့်အတူ တစ်နာရီနီးပါး ပါဝင်ကစားခဲ့ခြင်း ဖြစ်သည်။ ဘောလုံး ပြန်လည် ကစားနိုင်ခဲ့ပြီးနောက် ဆာနေး က ၎င်းအနေဖြင့် ရာနှုန်းပြည့် ကြံ့ခိုင်မှု မရရှိသေးကြောင်း၊ သို့သော် နာကျင်မှု မရှိဘဲ အကောင်းဆုံး ကစားနိုင်ကြောင်း၊ ယုံကြည်မှုရှိလာပြီဖြစ်ကြောင်း ပြောကြား ခဲ့သည်။
ဆာနေးသည် မန်စီးတီးအသင်းကြီး နှင့်အတူ ပါဝင်ကစားရန်မှာ အချိန်တစ်ခု စောင့်ဆိုင်းရဦးမည်ဖြစ်သည်။ ဆာနေးသည် ၂ဝ၁၆ ခုနှစ်က ရှော်လ်ကေးမှ မန်စီးတီး သို့ ပြောင်းရွှေ့ခဲ့သူဖြစ်ပြီး ပရီးမီးယားလိဂ် ချန်ပီယံဆုဖလား နှစ်ကြိမ်အပါအဝင် အခြားအောင်မြင်မှုများ ရရှိခဲ့သူဖြစ်သည်။ နည်းပြ ဂွာဒီယိုလာ၏ လက်အောက်တွင် တောင်ပံကစားသမား ဆာနေးမှာ ပြိုင်ပွဲစုံ ၁၃၄ ပွဲ ပါဝင်ကစားထားပြီး ၃၉ ဂိုး သွင်းယူထားကြောင်း သိရသည်။















