တရုတ်နိုင်ငံ၌ မတ် ၁ ရက်တွင် ကိုရိုနာဗိုင်းရပ်စ်ကြောင့် သေဆုံးသူသစ် ၃၅ ဦးရှိခဲ့ပြီး တစ်နိုင်ငံလုံးအတိုင်းအတာအားဖြင့် သေဆုံးသူ ၂၈၇၀ ဦးရှိသွားပြီဖြစ်ကြောင်း တရုတ်နိုင်ငံလုံးဆိုင်ရာကျန်းမာရေးကော်မရှင်က ထုတ်ပြန်ခဲ့သည်။
ဖေဖော်ဝါရီ ၂၉ ရက်တွင် ကိုရိုနာဗိုင်းရပ်စ်ကြောင့် သေဆုံးသူ ၄၇ ဦးရှိခဲ့သောကြောင့် မတ် ၁ ရက်တွင် သေဆုံးသူဦးရေ ကျဆင်းသွားခဲ့ခြင်းဖြစ်သည်။ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရသူသစ် ၅၇၃ ဦးရှိခဲ့သောကြောင့် တစ်နိုင်ငံလုံးတွင် ကူးစက်ခံရသူ ၇၉၈၂၄ ဦးရှိသွားပြီဖြစ်ကြောင်း ကော်မရှင်က ထုတ်ပြန်ခဲ့သည်။
သေဆုံးသူ ၃၅ ဦးအနက် တစ်ဦးသာဗိုင်းရပ်စ်ကူးစက်မှုဗဟိုချက်ဖြစ်သည့် ဟူပေးပြည်နယ်အပြင်ဘက်တွင်ဖြစ်သည်။ အမေရိကန်ပြည်ထောင်စု ဝါရှင်တန်ပြည်နယ်တွင်လည်း ယခင်ကကျန်းမာရေးပြဿနာများရှိခဲ့သည့် အသက် ၅၀ ကျော်အမျိုးသားတစ်ဦးသည်လည်း ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရပြီးနောက် သေဆုံးခဲ့ကြောင်း အမေရိကန်အစိုးရအရာရှိများက ဖေဖော်ဝါရီ ၂၉ ရက်တွင် ထုတ်ပြန်ခဲ့သည်။
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ကမ္ဘာတစ်ဝန်းတွင် သေဆုံးသူ ၃၀ဝ၀ နီးပါးရှိပြီး လူ ၈၆၀ဝ၀ ကျော် ဗိုင်းရပ်စ်ကူးစက်ခံထားရပြီးဖြစ်သည်။
အီရန်နိုင်ငံ၌ ကိုရိုနာဗိုင်းရပ်စ်တိုက်ဖျက်ရေးတွင် အကူအညီပေးရန်အတွက် တရုတ်နိုင်ငံသည် ကျွမ်းကျင်သူတစ်စုကို စေလွှတ်လိုက်ပြီဖြစ်ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန၏ပြောခွင့်ရှိသူ ဟွာ ချွန်ယင်းက ဖေဖော်ဝါရီ ၂၈ ရက်အနှောင်းပိုင်းတွင် ပြောဆိုခဲ့သည်။ ကိုရိုနာဗိုင်းရပ်စ်သည် တစ်ကမ္ဘာလုံးအတွက် ရန်သူဖြစ်ပြီး အတူတကွတိုက်ပွဲဝင်ရမည်ဖြစ်ကြောင်း ဟွာကပြောဆိုခဲ့သည်။
အီရန်နိုင်ငံတွင်း ကိုရိုနာဗိုင်းရပ်စ်တိုက်ဖျက်ရေးအတွက် တရုတ်က ဆက်လက်ကူညီနေဦးမည်ဖြစ်ကြောင်း တရုတ်နိုင်ငံတော်ကောင်စီဝင်ဖြစ်သလို နိုင်ငံခြားရေးဝန်ကြီးလည်းဖြစ်သည့် ဝမ်ယိက အီရန်နိုင်ငံခြားရေးဝန်ကြီး ဂျာဗတ် ဇာရစ်ဖ်နှင့် ဖုန်းပြောဆိုစဉ်အတွင်း ထည့်သွင်းပြောဆိုခဲ့သည်။

















