နိုင်ငံတွင်း ကိုရိုနာဗိုင်းရပ်စ်ပျံ့နှံ့မှုကိုတားဆီးရန်အတွက် လူငါးထောင်နှင့်အထက် လူစုလူဝေးမပြုရန် ပြင်သစ်အစိုးရက ဖေဖော်ဝါရီ ၂၉ ရက်တွင် ညွှန်ကြားချက်ထုတ်ပြန်ခဲ့သည်။
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ကမ္ဘာတစ်ဝန်းတွင် သေဆုံးသူ သုံးထောင်နီးပါးရှိပြီး လူ ၈၆၀ဝ၀ ကျော် ဗိုင်းရပ်စ်ကူးစက်ခံထားရပြီးဖြစ်သည်။ နိုင်ငံ ၅၉ နိုင်ငံသို့ ဗိုင်းရပ်စ်ကူးစက်သွားပြီဖြစ်သည်။
ဗိုင်းရပ်စ်ကူးစက်သူအများစုသည် တရုတ်နိုင်ငံတွင်ရှိနေသော်လည်း တောင်ကိုရီးယား၊ အီတလီနှင့် အီရန်တို့တွင်လည်း ကူးစက်ခံရသူများစွာရှိနေသည်။ ကာတာနှင့် အီကွေဒေါတို့ကလည်း ပထမဆုံးဗိုင်းရပ်စ်ကူးစက်ခံရသူတစ်ဦးစီရှိနေပြီဖြစ်ကြောင်း ဖေဖော်ဝါရီ ၂၉ ရက်တွင် ထုတ်ပြန်ခဲ့သည်။
ပြင်သစ်နိုင်ငံ၌ ဖေဖော်ဝါရီ ၂၉ ရက်တွင် ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရသူသစ် ၁၆ ဦးရှိခဲ့ပြီးနောက် စုစုပေါင်းကူးစက်ခံရသူ ၇၃ ဦးအထိရှိသွားပြီဖြစ်သည်။ မတ် ၁ ရက်တွင် ကျင်းပရန် စီစဉ်ထားသည့် ပါရီမာရသွန်အပြေးပြိုင်ပွဲနှင့် စိုက်ပျိုးသီးနှံပြပွဲတို့ကို ဖျက်သိမ်းခဲ့သော်လည်း ဘောလုံးပြိုင်ပွဲများကိုမူ ဖျက်သိမ်းခြင်းမပြုခဲ့ချေ။
ကနဦးစီမံဆောင်ရွက်ချက်များဖြစ်ပြီး နောက်ထပ်ကျယ်ကျယ်ပြန့်ပြန့်ဆောင်ရွက်မည်ဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီး အိုလီဗီယာ ဗဲရန်ကပြောဆိုခဲ့သည်။ အီတလီနိုင်ငံ၌လည်း ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံထားရသူ တစ်ထောင်ကျော်သွားပြီဖြစ်ကြောင်း အီတလီကျန်းမာရေးဝန်ကြီးဌာနက ဖေဖော်ဝါရီ ၂၉ ရက်တွင် ထုတ်ပြန်ခဲ့သည်။ဖေဖော်ဝါရီ ၂၉ ရက်အထိ ၂၄ နာရီအတွင်း ရှစ်ဦးရှိခဲ့ပြီး သေဆုံးသူ ၂၉ ဦးရှိသွားပြီဖြစ်သည်။
အီတလီ၌ ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုစတင်ခဲ့သည့် လွန်ခဲ့သောအပတ်မှစ၍ ဗိ်ုင်းရပ်စ်ကူးစက်ခံထားရသူ ၁၁၂၈ ဦးရှိနေသည်။ လူ ၁၀၅ ဦးသည် အထူးကြပ်မတ်ကုသဆောင်တွင် ကုသမှုခံယူနေရကြောင်း အစိုးရစာရင်းအင်းများအရ သိရသည်။

















