ဥရောပထိပ်တန်းလိဂ်ငါးခုရဲ့ ချန်ပီယံအသင်းများကို တီးခေါက်ခြင်း

ဥရောပထိပ်တန်းလိဂ်ငါးခုရဲ့ ချန်ပီယံအသင်းများကို တီးခေါက်ခြင်း

အင်္ဂလန်ပရီးမီးယားလိဂ်

ဝက်ဖို့ဒ်ကွင်းမှာ သုံးဂိုးပြတ် ရှုံးနိမ့်ခဲ့တာ ကြောင့် ဒီရာသီ ပထမဆုံး ပရီးမီးယားလိဂ် ရှုံးပွဲနဲ့ ရင်ဆိုင်ခဲ့ရပေမယ့်လည်း လီဗာပူးရဲ့ ချန်ပီယံအိပ်မက်ဟာ ထိခိုက်ခြင်း မရှိပါဘူး။ မာဆေးဆိုက်အခြေစိုက် လီဗာပူးဟာ အင်္ဂလန် အမှတ်ပေးဖလား ချန်ပီယံဆုကို (၁၈) ကြိမ် ပိုင်ဆိုင်ခဲ့ဖူးပေမယ့် ပရီးမီးယားလိဂ်လို့ အမည်ပြောင်းပြီးနောက် တစ်ခါမှ ချန်ပီယံမဖြစ်ခဲ့ဘဲ ဒီနှစ်မှာတော့ ချန်ပီယံဖြစ်ဖို့ သေချာနေပါတယ်။ လီဗာပူးဟာ မနှစ်က ၉၇ မှတ်ရရှိခဲ့ပြီး မန်စီးတီးနဲ့ တစ်မှတ်သာကွာဟကာ မျှော်လင့်ချက်မပြည့်ဝခဲ့ဘူး။

ဒီနှစ်မှာတော့ လက်ရှိချန် ပီယံ မန်စီးတီးနဲ့ အခြားသော ပြိုင်ဘက်အသင်း ကောင်းတွေ အမှတ်တွေ ဆုံးရှုံးနေချိန်မှာ လီဗာပူးကတော့ အမှတ်တွေ ရနိုင်သလောက် စုဆောင်းခဲ့တယ်။

ရှုံးပွဲရင်ဆိုင်ခဲ့ရပေမယ့် လီဗာပူးဟာ လက်ကျန် ၁၀ ပွဲအလို ဒုတိယနေရာက မန် စီးတီးကို ၂၂ မှတ်ထိဖြတ်ပြီး ဇယားထိပ်ကနေ ဦးဆောင်နေဆဲ ဖြစ်ပါတယ်။ ဒီရာသီမှာ ဆာလက်ချ်၊ မာနေးနဲ့ ဖာမီနိုတို့ရဲ့ တိုက်စစ် အင်အားစုက အခြားအသင်းတိုက်စစ်ထက် ပိုကောင်းပြီး သုံးဦးပေါင်း ၄၆ ဂိုးအထိ သွင်းယူ နိုင်ခဲ့ပါတယ်။ လီဗာပူးဟာ လက်ကျန် ပရီးမီး ယားလိဂ် ၁၀ ပွဲမှာ အဲဗာတန်၊ မန်စီးတီး၊ အာဆင်နယ်နဲ့ ချယ်လ်ဆီးတို့ကို အကြိတ်အနယ် ကစားရမှာဖြစ်ပြီး ကျန်ပြိုင်ဘက်အသင်းတွေ က အဆိပ်မရှိတာကြောင့် နိုင်ပွဲတွေထပ်ရဖို့ လွယ်ကူမှုရှိနေတာကို တွေ့ရပါတယ်။

ဝက်ဖို့ဒ်  ရှုံးပွဲအပြီး လီဗာပူး နည်းပြ ကလော့ပ်က သူတို့အနေနဲ့ စံချိန်တွေရဖို့ မကြိုးစားတော့ဘဲ ဘောလုံးကို စိတ်လွတ် ကိုယ်လွတ် ဖိအားကင်းကင်း ကစားခွင့်ရလာပြီလို့ ဆိုခဲ့ပါတယ်။ ပရီးမီးယားလိဂ်မှာ ချန်ပီယံသစ် အသင်း ထွက်ပေါ်လာတော့မှာဖြစ်ပြီး လီဗာပူးဟာ မန်ယူ၊ ချယ်လ်ဆီး၊ မန်စီးတီး၊ အာဆင်နယ်၊ ဘလက်ဘန်းနဲ့ လက်စတာတို့ပြီးနောက် ပရီး မီးယားလိဂ် ချန်ပီယံဖြစ်ဖို့ သေချာနေပါတယ်။ တစ်ရာသီလုံး စွမ်းဆောင်ရည်အရ လီဗာပူးကသာ ချန်ပီယံဆုနဲ့ ထိုက်တန်မှုရှိပါတယ်။

စပိန်လာလီဂါ

၂၀၁၈–၁၉ စပိန်လာလီဂါ ကန့်လန့်ကာ ချချိန်မှာ လက်ရှိချန်ပီယံ ဘာစီလိုနာက ၈၇ မှတ်နဲ့ ဒုတိယနေရာက အက်သလက်တီကိုကို ၁၁ မှတ်ဖြတ်ကာ ချန်ပီယံဆု ကာကွယ်နိုင်ခဲ့ ပါတယ်။ ရီးရဲလ်မက်ဒရစ်ကတော့ မနှစ်က အက်သလက်တီကိုနဲ့တောင် အမှတ်ပြတ်ပြီး တတိယနေရာနဲ့သာ ပန်းဝင်ခဲ့ပါတယ်။ ဒီနှစ် လာလီဂါ ပြီးဆုံးဖို့ တဖြည်းဖြည်း နီးကပ်လာတဲ့ အချိန်မှာ အစဉ်အလာအတိုင်း ဘာစီလိုနာနဲ့ ရီးရဲလ်မက်ဒရစ်တို့ရဲ့ အားပြိုင်မှုကသာ အဓိက စောင့်ကြည့်ချင်စရာ ကောင်းနေပါတယ်။ အသင်းနှစ်သင်းကြား အမှတ်ကွာဟမှု ကျဉ်း မြောင်းပြီး အက်သလက်တီကိုကတော့ တတိယ နေရာအတွက် ကြိုးစားဖို့ပဲ ရှိနေတယ်။

မနေ့က ကစားခဲ့တဲ့ ရီးရဲလ်မက်ဒရစ်နဲ့ ဘာစီလိုနာတို့ရဲ့ ပွဲရလဒ်ကို ပရိသတ်ကြီး သိနေလောက်မှာပါ။ အယ်လ်ကလာစီကို ဒါဘီ ပွဲမှာ ရှုံးပွဲကြုံတဲ့ နည်းပြကတော့ ဖိအားပိုများ လာမှာပါ။ တကယ်လို့ ရီးရဲလ်နိုင်ရင် ၅၆ မှတ် နဲ့ ဘာစီလိုနာကို တစ်မှတ်ဖြတ်မှာဖြစ်ပြီး ဘာစီလိုနာ အနိုင်ရရင်တော့ ရီးရဲလ်ကို ငါးမှတ် ဖြတ်နိုင်မှာ ဖြစ်ပါတယ်။ လာလီဂါ သမိုင်း တစ်လျှောက် ချန်ပီယံဖြစ်ခဲ့ဖူးတဲ့ အသင်းတွေ ကတော့ ရီးရဲလ်မက်ဒရစ်၊ ဘာစီလိုနာ၊ အက် သလက်တီကို၊ ဘီလ်ဘာအို၊ ဗလင်စီယာ၊ ဆိုစီဒက်၊ ဒီပို့တီဗို၊ ဆီဗီလာနဲ့ ဘက်တစ်တို့ ဖြစ်ကြပါတယ်။

ဘာစီလိုနာဟာ လာလီဂါ ချန်ပီယံဆုကို (၂၆)ကြိမ်ပိုင်ဆိုင်ထားပြီး ရီးရဲလ်မက်ဒရစ်က တော့ (၃၃)ကြိမ်နဲ့ အအောင်မြင်ဆုံး ကလပ် ဖြစ်ပါတယ်။ ရီးရဲလ်မက်ဒရစ်ဟာ ၂၀၁၆–၁၇ ဘောလုံးရာသီနောက်ပိုင်း လာလီဂါ ချန်ပီယံ ဆုနဲ့ ဝေးကွာနေခဲ့ပါတယ်။ ရီးရဲလ်မက်ဒရစ်နဲ့ ဘာစီလိုနာဟာ ချန်ပီယံလိဂ် ပြိုင်ပွဲမှာပါ ဝင်နွှဲနေရတာကြောင့် ပြိုင်ပွဲနှစ်ရပ် ရလဒ် ကောင်းဖို့အတွက် ဖိအားရှိနေပါတယ်။ ဒီနှစ် လာလီဂါပြိုင်ပွဲဟာ ထုံးစံအတိုင်း ဘာစီလိုနာနဲ့ ရီးရဲလ်မက်ဒရစ်တို့ရဲ့ အားပြိုင်မှုက အခရာ ဖြစ်နေတယ်။ နှစ်သင်းစလုံးဟာ ဒီရာသီမှာ သရေပွဲနဲ့ ရှုံးပွဲတွေ ကြုံဆုံရပြီး မထင်မှတ်တဲ့ ရလဒ်တွေလည်း ထွက်ပေါ်ခဲ့ပါတယ်။ ဘာစီ လိုနာနည်းပြသစ် ဆက်တီယန်က သုံးနှစ်ဆက် လာလီဂါ ချန်ပီယံဆု ယူပေးနိုင်မလား၊ ဒါမှ မဟုတ် ဇီဒန်းကပဲ လာလီဂါဆု ပြန်ယူပေးမလား ဆိုတာ စောင့်ကြည့်ရမှာပါ။

အီတလီစီးရီးအေ

အီတလီစီးရီးအေပြိုင်ပွဲဟာ အင်အားကြီး ကလပ် ဂျူဗင်တပ်စ်ရဲ့ ကြီးစိုးမှုနဲ့အတူ ပရိသတ် တွေအတွက် ပျင်းရိစရာကောင်းခဲ့ပါတယ်။ စီးရီးအေ အအောင်မြင်ဆုံး ဂျူဗင်တပ်စ်ဟာ ချန်ပီယံဆု (၃၅)ကြိမ်ပိုင်ဆိုင်ထားပြီး ၂၀၁၁–၁၂ ဘောလုံးရာသီကနေ မနှစ်ကအထိ ရှစ်နှစ် ဆက်တိုက် ချန်ပီယံဖြစ်ခဲ့ပါတယ်။ ဒီနှစ် စီးရီး အေပြိုင်ပွဲကတော့ မနှစ်ကထက် ပိုကြည့်ကောင်း နေပြီး ချန်ပီယံ ဘယ်သူဖြစ်မလဲဆိုတာ ရင်ခုန် စရာကောင်းနေပါတယ်။

ရောမအခြေစိုက် လာဇီယိုနဲ့ မီလန် အခြေ စိုက် အင်တာမီလန်တို့ဟာ ဒီရာသီမှာ အကောင်းဆုံး စွမ်းဆောင်နိုင်ပြီး ဂျူဗင်တပ်စ်ရဲ့ ချန်ပီယံဆုကို ခြိမ်းခြောက်နေတာ တွေ့ရတယ်။ နည်းပြ အင်ဇာဂီရဲ့လက်အောက်မှာ လာဇီယို က တက်ရိပ်ပြနေပြီး နည်းပြ ကွန်တီရဲ့ အင်တာ မီလန်ကလည်း ခြေစွမ်းကောင်းနေပါတယ်။ ဆာရီနည်းပြနေတဲ့ ဂျူဗင်တပ်စ်ဟာ ၂၀၂၀ မှာ စီးရီးအေ ရှုံးပွဲအချို့ရှိခဲ့ပြီး အမှတ်လျော့ ခဲ့ပါတယ်။ လာဇီယိုနဲ့ အင်တာမီလန်ကတော့ ပွဲဆက်ခြေမှန်အောင် ကစားနေတာပါ။ လာဇီယို ဟာ ပွဲစဉ် ၂၆ မှာ ဘိုလော့နာကို နှစ်ဂိုးပြတ် အနိုင်ရပြီးနောက် ဂျူဗင်တပ်စ်ကို နှစ်မှတ် ဖြတ်ကာ အမှတ်ပေးဇယား ထိပ်ဆုံးကနေ ဦးဆောင်နေပါတယ်။ ဂျူဗင်တပ်စ်နဲ့ အင်တာ မီလန်တို့ရဲ့ပွဲကို ကိုရိုနာဗိုင်းရပ်စ်အန္တရာယ် ကြောင့် ရွှေ့ဆိုင်းခဲ့လို့ လာဇီယိုက တစ်ပွဲပို ကစားပြီး အဆင့်တစ်ဖြစ်လာတာပါ။

လာဇီယိုဟာ စီးရီးအေ လေးပွဲဆက်တိုက် အနိုင်ရပြီး ပွဲဆက်ခြေမှန်ကာ ဂျူဗင်တပ်စ်ကို တောင် ကျော်ဖြတ်နိုင်တဲ့ အနေအထားဖြစ်လာ တယ်။ တစ်နည်းအားဖြင့် ဂျူဗင်တပ်စ်အတွက် အချက်ပေးခေါင်းလောင်း ထိုးလိုက်သလိုပါပဲ။ ဂျူဗင်တပ်စ်ဟာ ကိုးနှစ်ဆက်တိုက် ချန်ပီယံ ဖြစ်ဖို့ လက်ကျန်ပွဲတွေမှာ အမှားခံလို့ မရတော့ ပါဘူး။ ဂျူဗင်တပ်စ်ရဲ့ ခေတ်တစ်ခေတ် ကုန်ဆုံး မလားဆိုတာကို စောင့်ကြည့်ရမယ်။ ချန်ပီယံ နှစ်ကြိမ်ဖြစ်ဖူးတဲ့ လာဇီယိုဟာ ၂၀ဝ၀ ပြည့်နှစ် နောက်ပိုင်း စကူဒက်တို ချန်ပီယံဆုနဲ့ ဝေးကွာနေပြီး အင်တာမီလန်ကတော့ ၂၀၁၀ ပြည့်နှစ် နောက်ပိုင်း ချန်ပီယံဆု လွဲနေခဲ့တာပါ။

ဂျာမန်ဘွန်ဒက်စ်လီဂါ

ဘွန်ဒက်စ်လီဂါ ချန်ပီယံဆုအတွက် ဘိုင် ယန်မြူးနစ်အပါအဝင် ဒေါ့မွန်နဲ့ လိုက်ပ်ဇစ်တို့ အားပြိုင်နေပါတယ်။ ဘွန်ဒက်စ်လီဂါပြိုင်ပွဲဟာ အီတလီစီးရီးအေလို အသင်းတစ်သင်းကသာ ကြီးစိုးထားပြီး အဲဒီအသင်းကတော့ ဘိုင်ယန် မြူးနစ် ဖြစ်ပါတယ်။ ဘိုင်ယန်မြူးနစ်ဟာ ခုနစ် နှစ်ဆက်တိုက် ဘွန်ဒက်စ်လီဂါ ချန်ပီယံဖြစ်ပြီး ဒီနှစ်မှာလည်း ချန်ပီယံထပ်ဖြစ်ဖို့ အခွင့်အလမ်း ကောင်းနေတယ်။ ဘိုင်ယန်မြူးနစ်ကို ဖိအား ပေးနေတဲ့ အသင်းတွေကတော့ ဒေါ့မွန်နဲ့ လိုက်ပ်ဇစ်ပါ။ ဒေါ့မွန်နဲ့ လိုက်ပ်ဇစ်ဟာ ပြိုင်ပွဲ ပြီးဆုံးဖို့ နီးကပ်လာတဲ့အချိန် ဘိုင်ယန်မြူးနစ်ရဲ့ အဓိက ပြိုင်ဘက်တွေမှန်း ထင်ရှားပါတယ်။ အသင်းကြီးတွေအကြား ရမှတ်ကွာဟမှု ကျဉ်း မြောင်းတာကြောင့် ဘွန်ဒက်စ်လီဂါပြိုင်ပွဲက နောက်ဆုံးအချိန်ထိ ဇာတ်ရှိန်မြင့်နေမှာပါ။

ဘိုင်ယန်မြူးနစ်ဟာ ဖေဖော်ဝါရီ ၂၉ ရက်က ဟော့ဖန်ဟိမ်းကို ခြောက်ဂိုးပြတ် အနိုင်ယူပြီး နိုင်ပွဲဆက်ခဲ့တာကြောင့် ပြိုင်ဘက် တွေကို အမှတ်ဖြတ်လိုက်ပါတယ်။ ဘိုင်ယန် မြူးနစ်ဟာ ချန်ပီယံလိဂ်ပြိုင်ပွဲမှာ ရလဒ်ကောင်း ဖို့ ကြိုးစားနေသလို ပြည်တွင်းမှာလည်း ချန် ပီယံဆုကာကွယ်နိုင်ဖို့ အာရုံစိုက်နေပါတယ်။ ဘိုင်ယန်မြူးနစ်ဟာ မနှစ်က ဒေါ့မွန်ကို နှစ်မှတ် ဖြတ်ပြီး ၇၈ မှတ်နဲ့ ဘွန်ဒက်စ်လီဂါချန်ပီယံဆု ကာကွယ်နိုင်ခဲ့ပါတယ်။ ဒေါ့မွန်ဟာ ၂၀၁၁–၁၂ ရာသီနောက်ပိုင်း ချန်ပီယံဆုနဲ့ ဝေးကွာ နေတာကြောင့် ဆုပြန်ယူဖို့ အားခဲနေပါတယ်။

ပြင်သစ်လီဂူး

ပြင်သစ်လီဂူး ပြိုင်ပွဲဝင်အသင်းတွေဟာ ပီအက်စ်ဂျီကို မယှဉ်နိုင်တာက အချိန်တော် တော်ကြာခဲ့ပါပြီ။ ပီအက်စ်ဂျီဟာ ၁၉၈၅–၈၆ ဘောလုံးရာသီက ပြင်သစ်လီဂူး ချန်ပီယံဆုကို ပထမဆုံးအကြိမ် ဆွတ်ခူးခဲ့ပြီး ချန်ပီယံရှစ် ကြိမ် ဖြစ်ခဲ့ပါတယ်။ ပီအက်စ်ဂျီဟာ အခုဆိုရင် ပြင်သစ်လီဂူးရဲ့ ခြောက်နှစ်ဆက်တိုက် ချန်ပီယံပါ။ ပီအက်စ်ဂျီဟာ မနှစ်က ရမှတ် ၉၁ မှတ်နဲ့ ဒုတိယနေရာက လိုင်လီကို ၁၆ မှတ်ဖြတ်ပြီး ချန်ပီယံအဖြစ် အောင်ပွဲခံနိုင်ခဲ့ပါတယ်။

ပီအက်စ်ဂျီဟာ ဒီနှစ်ဘောလုံးရာသီမှာ ပြိုင်ဘက်အသင်းတွေကို အမှတ်ဖြတ်ပြီး အဆင့်တစ်ကနေ ဦးဆောင်နေပါတယ်။ ပီအက်စ်ဂျီဟာ ပွဲစဉ် ၂၇ အပြီး ဒုတိယနေရာက မာဆေးကို ၁၃ မှတ်ဖြတ်ကာ ဦးဆောင်ထားတယ်။ ပြင်သစ်လီဂူးပြိုင်ပွဲဟာ ပန်းမဝင်ခင် ကတည်းက ချန်ပီယံအသင်း အဖြေပေါ်ပြီးသား ဖြစ်နေပါတယ်။ ပီအက်စ်ဂျီအသင်းကသာ ပြိုင်ပွဲကို လွှမ်းမိုးထားနိုင်တာက သူတို့ရဲ့ ကစားသမားအင်အား တောင့်တင်းမှုနဲ့ ခြေစွမ်း ကြောင့်ဆိုရင်လည်း မမှားပါဘူး။

ပြည့်ဖြိုး ဘာသာပြန်သည်။



ဖတ်ရှုမှုအများဆုံး

မီးအိမ်ရှင်ဒေါက်တာနိုက်တင်ဂေးလ် 20 Feb 2021
ခင်မောင်ဌေး(ပညာရေး) 20 Feb 2021
မောင်လှမျိုး(ချင်းချောင်းခြံ) 19 Feb 2021