မန်စီးတီးသည် မတ် ၁ ရက်က လန်ဒန်ရှိ ဝင်ဘလေကွင်းတွင် ကာရာ ဘောင်းဖလား ဗိုလ်လုပွဲအဖြစ် အက် စတွန်ဗီလာနှင့် ယှဉ်ပြိုင်ခဲ့ရာ နှစ်ဂိုး တစ်ဂိုးဖြင့် အနိုင်ရရှိခဲ့ပြီးနောက် ကာ ရာဘောင်းဖလားကို သုံးနှစ်ဆက်တိုက် ဆွတ်ခူးရရှိခဲ့ကြောင်း သိရသည်။
ဗီလာသည် ဆီမီးဖိုင်နယ်၌ လက်စတာကို ကျော်ဖြတ်ခဲ့ပြီး လက်ရှိချန်ပီယံ မန်စီးတီးမှာ မန်ယူကို ကျော်ဖြတ်ကာ ဗိုလ်လုပွဲ ရောက်ခဲ့ခြင်းဖြစ်သည်။ ဗိုလ်လုပွဲကို ပရိသတ် ၈ဝဝဝဝ ကျော် လာရောက်ကြည့်ရှုခဲ့ပြီး မန်စီးတီးမှာ မိနစ် ၂ဝ ၌ ဦးဆောင်ဂိုး ရရှိခဲ့ရာ အဂူရိုက သွင်းယူပေးခဲ့သည်။
မန်စီးတီးသည် ဦးဆောင်ဂိုး ရရှိ ခဲ့ပြီးနောက် ဖိအားပေးကစားခဲ့ရာ မိနစ် ၃ဝ ၌ ရိုဒရီ၏ဂိုးကြောင့် နှစ်ဂိုး ဂိုးမရှိဖြင့် ဦးဆောင်နိုင်ခဲ့သည်။ ဗီလာ သည် ၄၁ မိနစ်၌ ချေပဂိုးတစ်ဂိုးရရှိ ခဲ့ပြီး ဆာမက်တာက သွင်းယူခဲ့သည်။ ထို့နောက် ပွဲရလဒ်မပြောင်းခဲ့၍ မန် စီးတီးအသင်းက ချန်ပီယံဆု ကာကွယ်နိုင်ခဲ့ပြီး သုံးနှစ်ဆက်တိုက် ဖလားရရှိ ခဲ့သည်။
သုံးနှစ်ဆက်တိုက် ဖလားရရှိခဲ့ခြင်း မှာ ကြီးမားသည့် အောင်မြင်မှုဖြစ် ကြောင်း မန်စီးတီးနည်းပြ ဂွာဒီယိုလာ က ပြောကြားခဲ့သည်။ မန်စီးတီး တောင်ပံတိုက်စစ်မှူး စတာလင်းက ၄င်းတို့အနေဖြင့် ပရီးမီးယားလိဂ်တွင် ချန်ပီယံဆုကာကွယ်ရန် အခြေအနေ မကောင်းသော်လည်း ကျန်ပြိုင်ပွဲ နှစ် ရပ်၌ အောင်မြင်ကာ ဖလားသုံးလုံး ရရှိရန် အာရုံစိုက်ရမည်ဟု ဆိုခဲ့သည်။
မန်စီးတီးသည် ချန်ပီယံလိဂ် ၁၆ သင်း ရှုံးထွက်ပထမအကျော့တွင် ရီး ရဲလ်မက်ဒရစ်ကွင်း၌ နှစ်ဂိုး တစ်ဂိုးဖြင့် အနိုင်ရခဲ့၍ နောက်တစ်ဆင့်တက်ရန် အခြေအနေ ကောင်းနေသည်။ မန် စီးတီးသည် အက်ဖ်အေဖလား ပဉ္စမ အဆင့်တွင် ရှက်ဖီးလ်ဝမ့်နက်စဒေးနှင့် ကစားရမည် ဖြစ်သည်။ ထို့ကြောင့် မန်စီးတီးသည် ဖလားသုံးလုံး မျှော် လင့်ချက် ပိုင်ဆိုင်နေခြင်းဖြစ်သည်။















