ရီးရဲလ်မက်ဒရစ် လူငယ်တိုက်စစ် မှူး ဗီနီဆီယက်စ်သည် ဘာစီလိုနာအား နှစ်ဂိုးပြတ် အနိုင်ရခဲ့သည့် အယ်လ် ကလာစီကိုပွဲတွင် ဂိုးသွင်းယူနိုင်ခဲ့ရာ အာဂျင်တီးနား တိုက်စစ်မှူး မက်ဆီ၏ အယ်လ်ကလာစီကို စံချိန်တစ်ခုကို ချိုးဖျက်နိုင်ခဲ့ကြောင်း သိရသည်။
ရီးရဲလ်မက်ဒရစ် တိုက်စစ်ကို ဘန်ဇီမာ ဦးဆောင်ခဲ့ပြီး ဘာစီလိုနာ၌ မက်ဆီ၊ ဂရစ်ဇ်မန်း၊ ဒီဂျောင်၊ အာသာ၊ ဗီဒယ် နှင့် ပီကေး အစရှိသော ကစားသမား များပါဝင်ခဲ့သည်။ ရီးရဲလ်မက်ဒရစ်မှာ ပွဲချိန် ၇၁ မိနစ်၌ ဦးဆောင်ဂိုးရရှိခဲ့ပြီး တိုနီခရူးစ်၏ ဖန်တီးမှုမှတစ်ဆင့် ဘရာဇီးသား ဗီနီဆီယက်စ်က ဂိုးသွင်း ပေးခဲ့သည်။
ရီးရဲလ်မက်ဒရစ်သည် ပွဲပြီးလုချိန် တွင် ဒုတိယဂိုးရရှိခဲ့ပြီး လူစားဝင်ခဲ့ သော မာရီယာနိုဒီယက်စ်က သွင်းယူ ပေးခဲ့သည်။ ဘာစီလိုနာ တိုက်စစ်မှူး မက်ဆီသည် ၂ဝဝ၇ ခုနှစ် မတ်လက အယ်လ်ကလာစီကိုပွဲ၌ ဂိုးသွင်းနိုင်ခဲ့ ရာ အသက် ၁၉ နှစ်၊ ၂၅၉ ရက်ဖြင့် အယ်လ်ကလာစီကို အသက်အငယ်ဆုံး ဂိုးသွင်းစံချိန် ပိုင်ဆိုင်ခဲ့သည်။
ယခု အခါ ဗီနီဆီယက်စ်က ၂၁ ရာစုအတွင်း အသက် ၁၉ နှစ် ၂၃၃ ရက်ဖြင့် အယ်လ်ကလာစီကို၏ အသက်အငယ် ဆုံး ဂိုးသွင်းစံချိန်သစ် ပိုင်ဆိုင်ခဲ့သည်။ နိုင်ပွဲရခဲ့သော ရီးရဲလ်မက်ဒရစ်သည် လာလီဂါပွဲစဉ် ၂၆ အပြီး ဒုတိယနေရာမှ ဘာစီလိုနာကို တစ်မှတ်ဖြတ်ကာ ၅၆ မှတ်ဖြင့် အမှတ်ပေးဇယားထိပ်ဆုံးမှ ဦးဆောင်နေသည်။















