တရုတ်၌ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရပြီးနောက် သေဆုံးသူ ၂၉၁၂ ဦးနှင့် ကူးစက်ခံထားရသူ ၈၀ဝ၂၆ ဦးရှိနေ

တရုတ်၌ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရပြီးနောက် သေဆုံးသူ ၂၉၁၂ ဦးနှင့် ကူးစက်ခံထားရသူ ၈၀ဝ၂၆ ဦးရှိနေ

တရုတ်နိုင်ငံ၌ မတ် ၁ ရက် အနှောင်းပိုင်းအထိ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရသူအသစ် ၂၀၂ ဦးရှိခဲ့ပြီး ယင်းသည် ကူးစက်ခံရသူသစ် ၅၇၃ ဦးရှိခဲ့သည့် ဖေဖော်ဝါရီ ၂၉ ရက်နှင့်နှိုင်းယှဉ်လျှင် အလွန်အမင်း ကျဆင်းသွားခဲ့ခြင်းဖြစ်ကြောင်း တရုတ်နိုင်ငံလုံးဆိုင်ရာ ကျန်းမာရေးကော်မရှင်က မတ် ၂ ရက်တွင် ထုတ်ပြန်ခဲ့သည်။
 

တရုတ်နိုင်ငံတစ်ဝန်း ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံထားရသူ ၈၀ဝ၂၆ ဦး ရှိနေသည်။ တရုတ်ပြည်မကြီး၌ ကိုရိုနာဗိုင်းရပ်စ်ကြောင့် သေဆုံးသူဦးရေသည် မတ် ၁ ရက် အကုန်ပိုင်းအထိ ၂၉၁၂ ဦး ရှိခဲ့သည်။

ဗိုင်းရပ်စ်ကူးစက်မှု ဗဟိုချက်ဖြစ်သည့် ဟူပေးပြည်နယ်အတွင်း မတ် ၁ ရက်အကုန်ပိုင်းအထိ လူ ၄၂ ဦး သေဆုံးပြီး ယင်းတို့အနက် ၃၂ ဦးသည် ပြည်နယ်မြို့တော် ဝူဟန်မှ ဖြစ်သည်။ မတ် ၁ ရက်အကုန်ပိုင်းအထိ ဟူပေး၌ ကိုရိုနာဗိုင်းရပ်စ် ကူးစက်သူသစ် ၁၉၆ ဦး ရှိခဲ့သည်။

ဟူပေးပြည်နယ်ရှိ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူသစ်ဦးရေ အနည်းဆုံးအထိ ကျဆင်းသွားခဲ့ခြင်း ဖြစ်သည်။ ဟူပေးပြည်နယ်ရှိ ကူးစက်ခံရသူသစ်ဦးရေကို ဖယ်ထားလျှင် တရုတ်နိုင်ငံရှိ အခြားနေရာများ၌ ဗိုင်းရပ်စ်ကူးစက်ခံရသူသစ် ခြောက်ဦးသာရှိခဲ့သည်။

စင်ကာပူနိုင်ငံ၌လည်း မတ် ၁ ရက်အကုန်ပိုင်းအထိ ကိုရိုနာဗိုင်းရပ်စ် ကူးစက်သူအသစ် လေးဦးရှိခဲ့ကြောင်း စင်ကာပူကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သည်။ စင်ကာပူ၌ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံထားရသူ ၁၀၆ ဦးရှိနေပြီဖြစ်သည်။

ကူးစက်သူသစ် လေးဦးအနက် သုံးဦးသည် နည်းပညာကုမ္ပဏီတစ်ခုမှဖြစ်ပြီး ကျန်တစ်ဦးမှာမူ စင်ကာပူတွင် လာရောက်အလုပ်လုပ်ကိုင်နေသည့် ဂျပန်နိုင်ငံသားတစ်ဦး ဖြစ်သည်။ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရပြီးနောက် ကုသမှုခံယူခဲ့ရာ ရောဂါပျောက်ကင်းသဖြင့် နှစ်ဦး ဆေးရုံမှ ဆင်းခွင့်ရရှိခဲ့ပြီး ၇၄ ဦးသည်လည်း နာလည်ပြန်ထလာပြီဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သည်။

ဆေးရုံတွင်ကုသမှုခံယူနေသည့် လူနာ ၃၂ ဦးသည်လည်း အခြေအနေတည်ငြိမ်နေပြီး လူနာခုနစ်ဦးသာ အခြေအနေ စိုးရိမ်ရကြောင်း ဝန်ကြီးဌာနက ပြောဆိုခဲ့သည်။