တောင်ကိုရီးယားရှိ ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုဗဟိုချက်ဖြစ်သည့် ဘုရားကျောင်းမှ အကြီးအကဲများအား တရားစွဲရန် ပြင်ဆင်

တောင်ကိုရီးယားရှိ ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုဗဟိုချက်ဖြစ်သည့် ဘုရားကျောင်းမှ အကြီးအကဲများအား တရားစွဲရန် ပြင်ဆင်

တောင်ကိုရီးယားနိုင်ငံရှိ ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှု ဗဟိုချက်ဖြစ်သည့် ရှင်ချွန်ဂျီဘုရားကျောင်း၏ ခေါင်းဆောင်များသည် ဗိုင်းရပ်စ်ကူးစက်မှု တားဆီးရေးတွင် အာဏာပိုင်များနှင့် ပူးပေါင်းဆောင်ရွက်ရန် ပျက်ကွက်ခဲ့သည့်အတွက် ယင်းခေါင်းဆောင်များအား လူသေဆုံးစေမှုဖြင့် တရားစွဲဆိုရန် ဆိုးလ်မြို့အုပ်ချုပ်ရေးအဖွဲ့က ကြိုးပမ်းနေပြီဖြစ်သည်။
 

တောင်ကိုရီးယားရှိ ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှု ၄၀ဝ၀ ကျော်အနက် အများစုသည် ရင်ချွန်ဂျီဘုရားကျောင်းနှင့် ဆက်စပ်မှုရှိနေသည်။ ဘုရားကျောင်းကို တည်ထောင်သူမှာ လီမန်ဟီး ဆိုသူဖြစ်သည်။ လီနှင့် ဘုရားကျောင်းခေါင်းဆောင်များသည် ပူးပေါင်းဆောင်ရွက်ခဲ့မည်ဆိုပါက ဗိုင်းရပ်စ်ကြောင့် သေဆုံးသူများ မသေဆုံးအောင် ကူညီနိုင်မည်ဖြစ်ကြောင်း ဆိုလ်းမြို့တော်ဝန် ပါ့ခ်ဝန်ဆွန်က ပြောဆိုခဲ့သည်။

လီနှင့် အခြားခေါင်းဆောင် ၁၂ ဦးတို့အား လူသေစေမှု၊ ရောဂါထိန်းချုပ်ရေး အက်ဥပဒေချိုးဖောက်မှုတို့ဖြင့် စုံစမ်းစစ်ဆေးပေးရန် ဆိုးလ်မြို့အုပ်ချုပ်ရေးအဖွဲ့က ဆိုးလ် ဗဟိုခရိုင်ဥပဒေအရာရှိရုံးသို့ ရာဇဝတ်ကြောင်းဖြင့် လျှောက်ထားခဲ့သည်။ တိုင်ကြားမှုကို လက်ခံရရှိပြီး သုံးသပ်နေကြောင်း ဥပဒေအရာရှိရုံးက ထုတ်ပြန်ခဲ့သည်။

ဒေဂူးမြို့ရှိ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှု ၃၀ဝ၀ အနက် အများစုသည်လည်း အဆိုပါဘုရားကျောင်း၏ ကျောင်းခွဲတစ်ခုနှင့် ပတ်သက်နေသည်။ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံထားရသူတစ်ဦးသည် ဖေဖော်ဝါရီလအတွင်း ဘုရားကျောင်း တရားပွဲနှစ်ပွဲကို တက်ရောက်ခဲ့သည်။

ဘုရားကျောင်းသည် လျှို့ဝှက်သည့် အကျင့်ရှိပြီး တရားပွဲများအတွင်း လူများကျပ်ညပ်စွာ ထိုင်နေရမှုများကြောင့် ကူးစက်သူဦးရေ တိုးပွားလာခဲ့ခြင်းဖြစ်ကြောင်း ဝေဖန်မှုများလည်း ရှိနေသည်။ ဒေဂူးမြို့ဝန်းကျင်ရှိ ခရိုင်တစ်ခုတွင်လည်း ဗိုင်းရပ်စ်ကူးစက်ခံထားရသူ ၆၀ဝ ခန့်ရှိနေသည်။

တောင်ကိုရီးယား၌ မတ် ၂ ရက်အထိ ၂၄ နာရီအတွင်း ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရသူသစ် ၄၇၆ ဦးရှိခဲ့သောကြောင့် ကူးစက်ခံထားရသူစုစုပေါင်း ၄၂၁၂ ဦးရှိနေပြီဖြစ်ကာ သေဆုံးသူ ၂၂ ဦးရှိသွားပြီဖြစ်သည်။အစိုးရနှင့်ပူးပေါင်းဆောင်ရွက်နေပြီး ဘုရားကျောင်းအသင်းဝင်များအပေါ် ခွဲခြားဆက်ဆံခြင်း၊ အမုန်းတရားပွားခြင်းတို့ကို ရပ်တန်းကရပ်စေလိုကြောင်း ဘုရားကျောင်းက မတ် ၁ ရက်တွင် ထုတ်ပြန်ခဲ့သည်။