ဂျပန် လျှပ်စစ်ပစ္စည်းကုမ္ပဏီ Sharp က ဗိုင်းရပ်စ်ကာကွယ်ရေး နှာခေါင်းစည်း ထုတ်မည်

ဂျပန် လျှပ်စစ်ပစ္စည်းကုမ္ပဏီ Sharp က ဗိုင်းရပ်စ်ကာကွယ်ရေး နှာခေါင်းစည်း ထုတ်မည်

ဂျပန် လျှပ်စစ်ပစ္စည်းကုမ္ပဏီ Sharp သည် ဂျပန်နိုင်ငံအလယ်ပိုင်းရှိ အီလက်ထရွန်းနစ် ဖန်သားပြင်များ ထုတ်လုပ်သည့် စက်ရုံ၌ ဗိုင်းရပ်စ်ကာကွယ်ရေး ခွဲစိတ်ခန်းသုံး နှာခေါင်းစည်းများ ထုတ်လုပ်မည်ဖြစ်ကြောင်း မတ် ၂ ရက်က ထုတ်ပြန်ကြေညာသည်။
 

Sharp ကို ထိုင်ဝမ်မှ Hon Hai Precision Industry Co. (FoxConn ဟုလည်း လူသိများ)က ပိုင်ဆိုင်သည်။ မီအဲ စီရင်စုရှိ Sharp ဖန်သားပြင်စက်ရုံတွင် မတ်လကုန်ပိုင်းမှ စတင်ကာ နှာခေါင်းစည်း ထုတ်လုပ်ရေး လုပ်ငန်းများ စတင်မည်ဖြစ်ပြီး အစပိုင်းတွင် တစ်ရက်လျှင် နှာခေါင်းစည်း တစ်သိန်းခွဲ ထုတ်လုပ်မည်ဖြစ်ကာ၊ တဖြည်းဖြည်းချင်း တစ်ရက် ငါးသိန်းထိ တိုးမြှင့် ထုတ်လုပ်သွားမည်ဖြစ်သည်။

အီလက်ထရွန်းနစ် ဖန်သားပြင်များ အရည်အသွေး အမြင့်ဆုံး ရရှိရေးအတွက် ပိုးမွှားကင်းစင်သော စက်ရုံဝင်းအတွင်း ထုတ်လုပ်ရသည်ဖြစ်ရာ ဗိုင်းရပ်စ် ကာကွယ်ရေး ခွဲစိတ်ခန်းသုံး နှာခေါင်းစည်းများ ထုတ်လုပ်ရန်လည်း သင့်တော်ကြောင်း Sharp က ပြောသည်။

နှာခေါင်းစည်းများ ထုတ်လုပ်ခြင်းဖြင့် ဂျပန်လူ့အဖွဲ့အစည်းကို တစ်ဖက်တစ်လမ်းမှ အကျိုးပြုရာ ရောက်မည်ဟု မျှော်လင့်ကြောင်း အိုဆာကာတွင် အခြေစိုက်သည့် Sharp ကုမ္ပဏီက ပြောသည်။ နှာခေါင်းစည်းများကို မည်သို့ဖြန့်ချိမည်၊ မည်သည့်ဈေးနှုန်းဖြင့် ရောင်းချမည်ကို ထုတ်ပြန်ကြေညာခြင်း မရှိသေးပေ။

COVID-19 ကိုရိုနာဗိုင်းရပ်စ်ကြောင့် ဂျပန်တွင် နှာခေါင်းစည်းများ ပြတ်လပ်လျက်ရှိပြီး နှာခေါင်းစည်း ရောင်းချသည့် ဆေးဆိုင်များ၊ ကုန်စုံဆိုင်များရှေ့တွင် လူတန်းရှည်ကြီးဖြစ်သည်အထိ တန်းစီစောင့်ဆိုင်း ဝယ်ယူလျက်ရှိကြကာ အချို့နေရာများတွင် ဆိုင်မဖွင့်ခင်ကတည်းက တန်းစီစောင့်ဆိုင်းနေသူများပင်ရှိကြောင်း သိရသည်။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ကမူ မကျန်းမာသူများ၊ ကျန်းမာရေးဝန်ထမ်းများသာ နှာခေါင်းစည်းဝတ်ဆင်ရန် ညွှန်ကြားထားသည်။ ကျန်းမာသူများ မလိုအပ်ဘဲ နှာခေါင်းစည်းများ ဝတ်ဆင်နေခြင်းကြောင့် ကမ္ဘာ့တစ်ဝန်း နှာခေါင်းစည်း ပြတ်လပ်ကာ တကယ်တမ်း လိုအပ်နေသူများအတွက်ပါ ဆိုးကျိုးဖြစ်ပေါ်စေကြောင်း WHO က သတိပေးသည်။

ကိုရိုနာဗိုင်းရပ်စ် ကြောက်စိတ်ကြောင့် ဂျပန်တွင် နှာခေါင်းစည်းများသာမက အိမ်သာသုံးစက္ကူ၊ ဆန်၊ ဆီ၊ ဆားမှအစ ဆိုင်များတွင် ပြတ်လပ်သည်အထိ ဝယ်ယူစုဆောင်းမှုများလည်း ဖြစ်ပွားလျက်ရှိသည်။