ပုပ်ရဟန်းမင်း ဖရန်စစ် အအေးမိဖျားနာနေ၊ ကိုရိုနာဗိုင်းရပ်စ်ကြောင့်ဟု သတင်းထွက်နေမှု ဗာတီကန်ငြင်း

ပုပ်ရဟန်းမင်း ဖရန်စစ် အအေးမိဖျားနာနေ၊ ကိုရိုနာဗိုင်းရပ်စ်ကြောင့်ဟု သတင်းထွက်နေမှု ဗာတီကန်ငြင်း

အီတလီနိုင်ငံမြို့တော် ရောမမြို့တောင်ပိုင်း၌ ခြောက်ရက်အနားယူရန် ပြင်ဆင်ထားခဲ့သော်လည်း အအေးမိဖျားနာမှုကြောင့် အစီအစဉ်ကိုဖျက်သိမ်းခဲ့ကြောင်း ပုပ်ရဟန်းမင်းကြီး ဖရန်စစ်က မတ် ၁ ရက်တွင် ပြောဆိုခဲ့သည်။
 

ကံမကောင်း အကြောင်းမလှစွာဖြင့် အအေးမိမှုကြောင့် ယခုနှစ်တွင် သွားရောက်အနားယူရန်မဖြစ်နိုင်တော့ကြောင်း အသက် ၈၃ နှစ်အရွယ် ဖရန်စစ်က ဗာတီကန်ကျောင်းတော်ရှိ ပြတင်းပေါက်မှတစ်ဆင့် ထောက်ခံသူများကို တွေ့ဆုံစဉ်အတွင်း ပြောဆိုခဲ့သည်။ ဖရန်စစ်သည် ထောက်ခံသူများနှင့် တွေ့ဆုံစဉ် ချောင်းတစ်ခါနှစ်ခါဆိုးခဲ့သေးသည်။

ပုပ်ရဟန်းမင်းကြီး ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံထားရသည်ဟု သတင်းများထွက်နေခဲ့ရာ ယင်းသတင်းများ မှန်ကန်ခြင်းမရှိကြောင်း ဗာတီကန်ကျောင်းတော်က ဖြေရှင်းခဲ့သည်။ သာမန်အအေးမိဖျားနာခြင်းမှလွဲ၍ အခြားရောဂါမရှိကြောင်း ဗာတီကန်၏ ပြောခွင့်ရှိသူက ပြောဆိုခဲ့သည်။ မတ် ၁ ရက်တွင် ပုပ်ရဟန်းမင်းသည် ကျန်းကျန်းမာမာရှိသည့်ပုံပေါက်နေပြီး ချောင်းသာ တစ်ခါနှစ်ခါဆိုးခဲ့သည်။

သာမန်အအေးမိဖျားနာမှုကြောင့် ပုပ်ရဟန်းမင်းကြီးသည် ဖေဖော်ဝါရီ ၂၇ ရက်တွင် ဗာတီကန်ရှိ စိန့်မာသာဧည့်ရိပ်သာတွင် နေထိုင်ခဲ့ရကြောင်း ဗာတီကန်ကျောင်းတော်က ပြောဆိုခဲ့သည်။ သို့သော် ဖရန်စစ်သည် နံနက်ပိုင်း မစ္ဆားတရားပွဲကို ဆက်လက်ကျင်းပခဲ့ပြီး ဧည့်သည်များကို လက်ခံတွေ့ဆုံခဲ့သည်။

အာဂျင်တီးနားတွင် မွေးဖွားသည့် ဖရန်စစ်သည် ငယ်ရွယ်စဉ်တွင် အဆုတ်ရောဂါရခဲ့ပြီး အာရုံကြောထိခိုက်မှုကြောင့် တင်ပါးတွင် နာကျင်သည့် ဝေဒနာခံစားနေရဆဲဖြစ်သည်။ဖရန်စစ်သည် တွေ့ဆုံရန် ချိန်းဆိုထားမှုများ၊ အစီအစဉ်များကို ဖျက်ခဲ့ပြီး ကြည်ညိုသူများနှင့် တွေ့ဆုံရခြင်းကို နှစ်သက်သူဖြစ်သည်။