စင်ကာပူရှိမြန်မာအမျိုးသမီး၌ ကိုရိုနာဗိုင်းရပ်စ်တွေ့ပြီး ၎င်းနှင့်ထိတွေ့ခဲ့သူ မြန်မာသို့ဝင်ရောက်

စင်ကာပူရှိမြန်မာအမျိုးသမီး၌ ကိုရိုနာဗိုင်းရပ်စ်တွေ့ပြီး ၎င်းနှင့်ထိတွေ့ခဲ့သူ မြန်မာသို့ဝင်ရောက်

စင်ကာပူနိုင်ငံတွင် ရောက်ရှိနေထိုင်နေသည့် မြန်မာနိုင်ငံသားအမျိုးသမီးတစ်ဦး၌ ကိုရိုနာဗိုင်းရပ်စ်ပိုးတွေ့ရှိခဲ့ပြီး အဆိုပါအမျိုးသမီးနှင့် စင်ကာပူနိုင်ငံတွင် အနီးကပ်နေထိုင်ထိတွေ့ခဲ့သူ မြန်မာနိုင်ငံသား အမျိုးသားတစ်ဦးသည်လည်း စင်ကာပူနိုင်ငံမှ မြန်မာနိုင်ငံသို့ ပြန်လည်ဝင်ရောက်ခဲ့ကြောင်း ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ မတ်လ၂ရက်ညပိုင်း သတင်းထုတ်ပြန်ချက်အရ သိရသည်။

“စင်ကာပူနိုင်ငံတွင်လက်ရှိနေထိုင်နေသော မြန်မာနိုင်ငံသား၊ အသက် (၂၅) နှစ်အရွယ်အမျိုးသမီးသည် စင်ကာပူနိုင်ငံမှ COVID-19 ရောဂါဖြစ်ပွားသူတစ်ဦး နှင့် အနီးကပ်နေထိုင်ထိတွေ့ခဲ့သူ (close contact) ဖြစ်သဖြင့် စင်ကာပူနိုင်ငံရှိ နေအိမ်တွင် အသွားအလာကန့်သတ်၍ ရောဂါဖြစ်ပွားမှူရှိ၊ မရှိစောင့်ကြပ်ကြည့်ရှူ(home quarantine) ခဲ့စဉ် ရောဂါလက္ခဏာများပြသခဲ့ပြီး (၁-၃-၂၀၂၀) ရက်နေ့တွင် COVID-19 ရောဂါပိုးရှိကြောင်း ဓာတ်ခွဲအတည်ပြုခဲ့ကြောင်းနှင့် အဆိုပါ အမျိုးသမီးအား စင်ကာပူနိုင်ငံတွင် ကုသမှူပေးလျက်ရှိကြောင်း” စင်ကာပူနိုင်ငံ၊ ကျန်းမာရေးဝန်ကြီးဌာနမှ မြန်မာနိုင်ငံ၊ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနသို့ မတ်လ၁ရက်၌ အသိပေးအကြောင်းကြားလာခဲ့ကြောင်း ထုတ်ပြန်ချက်၌ ဖော်ပြသည်။

ထို့ပြင် “အဆိုပါအမျိုးသမီးနှင့် စင်ကာပူနိုင်ငံတွင် အနီးကပ်နေထိုင်ထိတွေ့ခဲ့သူ (close contact) ဖြစ်သည့် မြန်မာနိုင်ငံသား၊ အသက် (၂၆) နှစ်အရွယ် အမျိုးသား (၁) ဦးသည် (၂၆-၂-၂၀၂၀) ရက်နေ့တွင် စင်ကာပူနိုင်ငံမှ မြန်မာနိုင်ငံသို့ ပြန်လည်ဝင်ရောက်ခဲ့ကြောင်း” အကြောင်းကြားလာခဲ့သည်ဟု ဝန်ကြီးဌာနက ထုတ်ပြန်သည်။

ထိုသို့သတင်းရရှိသည်နှင့် တစ်ပြိုင်နက် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ဝန်ထမ်းများသည် လေကြောင်းလိုင်းမှတ်တမ်းများကို စစ်ဆေးခြင်းနှင့် အဆိုပါ အမျိုးသား၏ ကျန်းမာရေးအခြေအနေဖော်ပြချက်ကတ် (health declaration card) တွင် ဖြည့်စွက်ထားသော လိပ်စာနှင့် ဖုန်းနံပါတ်တို့မှ တစ်ဆင့်လိုက်လံရှာဖွေခြင်းတို့ဆောင်ရွက်ခဲ့ရာ အဆိုပါအမျိုးသားသည် မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ်တွင် ရောက်ရှိနေကြောင်း သက်ဆိုင်ရာကတွေ့ရှိခဲ့သည်။

အဆိုပါ အမျိုးသားတွင် လောလောဆယ်၌ ရောဂါလက္ခဏာ တစ်စုံတစ်ရာမရှိသော်လည်း ကျောက်ပန်းတောင်းမြို့နယ်ဆေးရုံတွင် အသွားအလာကန့်သတ်၍ ရောဂါဖြစ်ပွားမှူရှိ၊ မရှိစောင့်ကြပ်ကြည့်ရှူ(quarantine) လျက်ရှိပြီး ၎င်း၏ ဇနီးအားလည်း ဆေးရုံတွင်ထားရှိ၍ စောင့်ကြပ်ကြည့်ရှူ(quarantine) လျက်ရှိကြောင်း သိရသည်။

မတ်လ၂ရက် ညနေ (၆) နာရီအချိန်အထိ လူနာ ငါးဦးအား သက်ဆိုင်ရာ ဆေးရုံများတွင် စောင့်ကြပ်ကြည့်ရှူကုသမှူပေးလျက်ရှိပြီး ၎င်းတို့၏ကျန်းမာရေးအခြေအနေမှာ ကောင်းမွန်လျက်ရှိကြောင်း ဝန်ကြီးဌာန၏ထုတ်ပြန်ချက်က ဆိုသည်။

လေကြောင်းခရီးနှင့် ရေကြောင်းခရီးများမှ ပြည်တွင်းသို့ ဝင်ရောက်လာကြသူများအနေဖြင့် ကျန်းမာရေးအခြေအနေဖော်ပြချက်ကတ် (health declaration card) ကို ပြည့်စုံတိကျစွာ ဖြည့်စွက်ကြရန်လည်း ကျန်းမာ
ရေးနှင့်အားကစားဝန်ကြီးဌာနက တိုက်တွန်း ထားသည်။

COVID-19 ရောဂါဖြစ်ပွားသူနှင့် အနီးကပ်နေထိုင်ထိတွေ့ခဲ့သူ (close contact) များ (သို့မဟုတ်) ရောဂါကူးစက်ပြန့်ပွားမှူများပြားရာ နေရာဒေသမှ ပြည်တွင်းသို့ လာရောက်ကြသူများအနေဖြင့် လက်ရှိတွင် ရောဂါပျိုးချိန် (incubation period) အတွင်းဖြစ်၍ ရောဂါလက္ခဏာများ ပြသခြင်းမရှိသေးသော်လည်း ရောဂါပျိုးချိန်ကာလတစ်ခုတွင် ရောဂါဖြစ်ပွားနိုင်သဖြင့် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ အသွားအလာကန့်သတ်၍ ရောဂါစောင့်ကြပ်ကြည့်ရှူခြင်း (quarantine) ဆောင်ရွက်ခြင်းတွင် ပြည်သူများနှင့် ကာယကံရှင်ကိုယ်တိုင် နီးစပ်ရာကျန်းမာရေးဌာနသို့ အကြောင်းကြားခြင်းဖြင့် ပူးပေါင်းပါဝင်ကြရန် လည်း နှိူးဆော်ထားသည်။

ထိုသို့ အသွားအလာကန့်သတ်၍ ရောဂါစောင့်ကြပ်ကြည့်ရှူခြင်း (quarantine) ဖြင့် ရောဂါလက္ခဏာ စတင်ဖြစ်ပွားသည်နှင့် ချက်ချင်းကုသမှူခံယူနိုင်မည်ဖြစ်သဖြင့် ရောဂါပြင်းထန်မှူနှင့် အသက်သေဆုံးနိုင်ခြေကို လျှော့ချနိုင်မည်ဖြစ်ပြီး မိမိကိုယ်တိုင်အတွက်လည်းအကျိုးရှိကာ မိမိ၏ မိသားစု၊ မိတ်ဆွေများနှင့် ပတ်ဝန်းကျင်သို့ ရောဂါကူးစက်ပြန့်ပွားခြင်းမှလည်း ကာကွယ်နိုင်မည်ဖြစ်ကြောင်း ဝန်ကြီးဌာနက  အသိပေးနှိူးဆော်ခဲ့သည်။
 



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး