ကိုရိုနာဗိုင်းရပ်စ်သည် မြစ်ဖျားခံသည့် တရုတ်နိုင်ငံတွင်းမှာထက် တရုတ်နိုင်ငံပြင်ပတွင် ကူးစက်နှုန်းပိုမိုမြန်ဆန်နေပြီး မတ် ၃ ရက်အထိ ၂၄ နာရီအတွင်း တရုတ်နိုင်ငံပြင်ပ၌ ဗိုင်းရပ်စ်ကူးစက်ခံရသူသစ်ဦးရေသည် တရုတ်နိုင်ငံတွင်း ဗိုင်းရပ်စ်ကူးစက်ခံရ သူသစ်ဦးရေထက် ရှစ်ဆနီးပါးရှိလာခဲ့ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့(WHO) အကြီးအကဲ တဲဒရိုစ် အဓာနွမ် ဂျီဘရီယဲဆပ်စ်က မတ် ၃ ရက်တွင် ပြောဆိုခဲ့သည်။
တောင်ကိုရီးယား၊ အီတလီ၊ အီရန်နှင့် ဂျပန်တို့တွင် ဗိုင်းရပ်စ်ကူးစက်မှုနှုန်းမြင့်တက်မှုကြောင့် စိုးရိမ်စရာရှိနေပြီး တရုတ်နိုင်ငံပြင်ပတွင် ဗိုင်းရပ်စ်ကူးစက်သူအများဆုံးရှိနေသည့် တောင်ကိုရီးယားတွင် အထူးစောင့်ကြည့်မှုများပြုလုပ်နေပြီး ယင်းနိုင်ငံတွင်း ကူးစက်မှုကို ထိန်းချုပ်နိုင်မည်ဟု ယုံကြည်ပါကြောင်း ဂျီဘရီယဲဆပ်စ်ကပြောဆိုခဲ့သည်။
ကမ္ဘာတစ်ဝန်းတွင် ကိုရိုနာဗိုင်းရပ်စ်ကြောင့် သေဆုံးသူဦးရေသည် ၃၀၀၀ ကျော်သွားပြီဖြစ်ပြီး အီတလီနိုင်ငံတွင် သေဆုံးသူဦးရေသည် ၁၈ ဦးမှ ၅၂ ဦးရှိလာခဲ့သည်။ လက်ဗီးယား၊ ဆော်ဒီအာရေဗျ၊ ဆီနီဂေါနှင့် မော်ရိုကိုတို့၌လည်း ပထမဆုံးဗိုင်းရပ်စ်ကူးစက်ခံရသူများရှိလာခဲ့ပြီး ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရသူရှိသည့် နိုင်ငံ ၆၀ ကျော်လာခဲ့သည်။
ပြည်ပရှိ တရုတ်နိုင်ငံသားများအနေဖြင့် ကိုရိုနာဗိုင်းရပ်စ်ပျံ့နှံ့မှုတားဆီးရေးအတွက် ခရီးသွားမည့် အစီအစဉ်များကိုတတ်နိုင်သရွေ့လျှော့ချပေးရန် တရုတ်အာဏာပိုင်များက မတ် ၃ ရက်တွင် တောင်းဆိုခဲ့သည်။ ကိုရိုနာဗိုင်းရပ်စ်အကြီးအကျယ်ဖြစ်ပွားနေသည့် နိုင်ငံများမှ တရုတ်နိုင်ငံတောင်ပိုင်းရှိ ပို့ကုန်လုပ်ငန်းများရှိသော ကွမ်တုံပြည်နယ်သို့လာရောက်သည့် ခရီးသွားများသည် ၁၄ ရက်သီးခြားနေထိုင်ပြီး စောင့်ကြည့်ခံရမည်ဖြစ်ကြောင်း တရုတ်နိုင်ငံပိုင်မီဒီယာကဖော်ပြခဲ့သည်။
တရုတ်ပြည်မကြီး၌ မတ် ၂ ရက်တွင် ဗိုင်းရပ်စ်ကူးစက်ခံရသူသစ် ၁၂၅ ဦးရှိခဲ့ကြောင်း တရုတ်နိုင်ငံလုံးဆိုင်ရာ ကျန်းမာရေးကော်မရှင်က မတ် ၃ ရက်တွင် ထုတ်ပြန်ခဲ့သည်။ ဗိုင်းရပ်စ်ကူးစက်မှုဗဟိုချက်ဖြစ်သည့် ဟူပေးပြည်နယ်ကိုဖယ်ထားလျှင် မတ် ၂ ရက်တွင် တရုတ်နိုင်ငံတွင်း ဗိုင်းရပ်စ်ကူးစက်ခံရသူသစ် ၁၁ ဦးရှိခဲ့ပြီး ခုနစ်ဦးသည် အီတလီမှ ချင်ရှန်းစီရင်စုသို့လာလည်သည့် တရုတ်လူမျိုးများဖြစ်ကြသည်။ တရုတ်နိုင်ငံ၌ မတ် ၂ ရက်အကုန်ပိုင်းအထိ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရသူ ၈၀၁၅၁ ဦးရှိခဲ့ပြီး သေဆုံးသူ ၂၉၄၃ ဦးရှိခဲ့သည်။

















