COVID-19 ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှု ကာကွယ်ရန်အတွက် ဝန်ထမ်းများ နေအိမ်မှနေ၍ အလုပ်လုပ်ကြရန် တွစ်တာ ကုမ္ပဏီက ညွှန်ကြားချက် ထုတ်ပြန်ထားသည်။
ဟောင်ကောင်၊ ဂျပန်၊ တောင်ကိုရီးယားရှိ တွစ်တာ ရုံးများမှ ဝန်ထမ်းများ အိမ်၌နေ၍သာ အလုပ်လုပ်ကြရန် ညွှန်ကြားချက် ထုတ်ပြန်လိုက်ခြင်းဖြစ်သည်။ ကမ္ဘာတစ်ဝန်း အခြားဒေသများမှ တွစ်တာ ဝန်ထမ်း ငါးထောင်ခန့်သည်လည်း တတ်နိုင်သရွေ့ ရုံးမလာဘဲ နေအိမ်၌နေ၍သာ အလုပ်လုပ်ကြရန် တွစ်တာက ညွှန်ကြားထားသည်။
ဗိုင်းရပ်စ် ကာကွယ်ရေးအတွက် တွစ်တာ ဝန်ထမ်းများအနေဖြင့် လုပ်ငန်းနှင့် ပတ်သက်သော အရေးမကြီးသည့် ကိစ္စများအတွက် ခရီးသွားလာခြင်းမပြုရန်၊ အရေးမကြီးသည့် လုပ်ငန်းဆက်စပ် ပွဲလမ်းသဘင်များ မတက်ရန်လည်း တွစ်တာက ညွှန်ကြားထားသည်။ တွစ်တာ ဝန်ထမ်းများကြောင့် COVID-19 ပျံ့နှံ့ခြင်းမျိုး မရှိစေရန် လူ့အဖွဲ့အစည်းအတွက် တတ်နိုင်သမျှ ထည့်ဝင်သယ်ပိုးခြင်းဖြစ်ကြောင်း တွစ်တာ လူသားရင်းမြစ်ဌာန အကြီးအကဲ ဂျနီဖာ ခရစ္စတီးက ပြောသည်။
တွစ်တာ အမှုဆောင်အရာရှိချုပ် ဂျက် ဒေါ်ဆေးသည်လည်း အဝေးမှနေ၍ အလုပ်လုပ်ခြင်းကို အားပေးသူဖြစ်ပြီး၊ ၂၀၂၀ ပြည့်နှစ်တွင် ခြောက်လတိုင်တိုင် အာဖရိက၌ သွားရောက်နေထိုင်ကာ အဝေးမှသာ အလုပ်လုပ်မည်ဟု ၂၀၁၉ ခုနှစ်နိုဝင်ဘာလက ကြေညာခဲ့ဖူးသည်။
ဂူဂဲလ်၊ ဖေ့စ်ဘွတ်ခ်စသည့် အမေရိကန်အခြေစိုက် အဓိက နည်းပညာကုမ္ပဏီကြီးများသည်လည်း COVID-19 ပျံ့နှံ့မှု ကာကွယ်ရေးအတွက် အစည်းအဝေး အများအပြားကို ဖျက်သိမ်းခြင်း၊ ရွှေ့ဆိုင်းခြင်းများ ပြုလျက်ရှိသည်။ အိုင်ယာလန်နိုင်ငံ ဒဗ္ဗလင်မြို့ရှိ ဂူဂဲလ် ဥရောပရုံးချုပ်ဝန်ထမ်း ရှစ်ထောင်ခန့်သည်လည်း မတ် ၃ ရက်တွင် နေအိမ်မှနေသာ အလုပ်လုပ်ကာ အိုင်ယာလန်တွင် COVID-19 ပျံ့နှံ့ပါက နေအိမ်မှနေ၍ အစီအစဉ်မပျက် အလုပ်လုပ်နိုင်စေရန် အစမ်းလေ့ကျင့်ခဲ့ကြကြောင်း သိရသည်။မတ် ၄ ရက်တွင်မူ ပုံမှန်အတိုင်း ရုံးပြန်တက်ကြမည်ဖြစ်ကြောင်း သိရသည်။
A&T ဆက်သွယ်ရေးလုပ်ငန်း၊ Citigroup ဘဏ်လုပ်ငန်းတို့သည်လည်း ဝန်ထမ်းများ တတ်နိုင်သမျှ အလုပ်ကိစ္စဖြင့် ခရီးသွားခြင်း လျှော့ချရန်၊ အထူးသဖြင့် အာရှဒေသသို့ မသွားရန် ညွှန်ကြားချက်များ ထုတ်ပြန်ထားသည်။

















