ကိုရိုနာဗိုင်းရပ်စ်ကြောင့် ချင်းတွင်းသင်္ကြန်ပွဲတော် ယခုနှစ်ကျင်းပမည်မဟုတ်

ကိုရိုနာဗိုင်းရပ်စ်ကြောင့် ချင်းတွင်းသင်္ကြန်ပွဲတော် ယခုနှစ်ကျင်းပမည်မဟုတ်

မုံရွာမြို့ ချင်းတွင်းမြစ်သောင်ပြင်တွင် စည်ကားစွာ ကျင်းပလာခဲ့သည့် ချင်းတွင်း သင်္ကြန်ပွဲတော်ကို ကိုရိုနာဗိုင်းရပ်စ်ကြောင့် ကျင်းပတော့မည်မဟုတ်ကြောင်း သိရသည်။
 

မတ် ၃ ရက်က ပြုလုပ်ခဲ့သည့် သင်္ကြန် ပွဲဖြစ်မြောက်ရေးအစည်းအဝေးတွင် တက် ရောက်သူအများစု၏ဆန္ဒအရ ချင်းတွင်း သင်္ကြန်ပွဲတော်ကို ယခုနှစ်တွင် ကျင်းပမည် မဟုတ်ကြောင်း ဆုံးဖြတ်လိုက်ခြင်းဖြစ်သည်။

''ချင်းတွင်းသင်္ကြန် မပြုလုပ်ဖြစ်တော့ ဘူး။ အစည်းအဝေးမှာ ဆုံးဖြတ်ချက်ချ လိုက်တာပါ။ သင်္ကြန်ပွဲကိုတော့ မုံရွာမြို့ ပေါ်မှာ အခြေအနေကြည့်ပြီး ကျင်းပသွား မှာပါ'' ဟု စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ စည်ပင်သာယာဝန်ကြီး ဦးမြင့်ကြည်က အတည်ပြုပြောကြားသည်။

''ချင်းတွင်းသင်္ကြန်မလုပ်ဘဲ မုံရွာမြို့ပေါ်၌သာကျင်းပလိုကြောင်း သင်္ကြန်အစည်းအဝေးတက်ရောက်သူ အားလုံးက အကြံပြုဆွေးနွေး ကြသောကြောင့် တိုင်းအစိုးရအဖွဲ့က ဆုံးဖြတ်လိုက်ခြင်းဖြစ်သည်။ ထို့အပြင် ကျန်းမာရေးဘက်မှ ဆရာဝန်များကလည်း ကိုရိုနာဗိုင်းရပ်စ် ကြောင့် ချင်းတွင်းသင်္ကြန်ကို မကျင်းပစေလိုကြောင်း ဆန္ဒပြုကြသည့်အတွက်လည်းပါဝင်သည်''ဟု သင်္ကြန်ပွဲတော်ဗဟိုကော်မတီဝင် ဦးဌေးက ပြောသည်။

''အရင်တုန်းကလို ခန်းမရှေ့ဗဟိုမဏ္ဍပ်နဲ့ ရပ်ကွက်တွေထဲလမ်းမကြီးတွေပေါ် မဏ္ဍပ်တွေနဲ့ပြန်ဖြစ်တော့မှာပါ။ ချင်းတွင်းသင်္ကြန်ဆို ဆရာဝန်ကြီးတွေကလည်း ကိုရိုနာဗိုင်းရပ်စ်ကြောင့် မဖြစ်စေချင်ကြသလို မုံရွာဒေသခံတွေကလည်း မြို့ပေါ်သင်္ကြန်ကို ပိုအာရုံရကြ တယ်''ဟု ဦးဌေးက ပြောသည်။

ကန်သာယာလမ်းတစ်လျှောက်တွင်လည်း သင်္ကြန်ပွဲတော်ကျင်းပဖြစ် မဖြစ်ကို ဆက်လက်ဆွေးနွေးသွားမည်ဖြစ်ကြောင်း သိရသည်။ မုံရွာသောင်ပြင်ချင်းတွင်းသင်္ကြန်ကို စစ်ကိုင်းတိုင်းအစိုးရက ၂ဝ၁၈ ခုနှစ်နှင့် ၂ဝ၁၉ ခုနှစ်များတွင်ဦးဆောင်ကျင်းပခဲ့ရာ တစ်နိုင်ငံလုံး၏ အာရုံအစိုက်ခံရဆုံးပွဲတော်တစ်ခုလည်းဖြစ်သည်။
     
 



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး