တစ်ကမ္ဘာလုံးကို ခြိမ်းခြောက်နေသည့် COVID-19 ကိုရိုနာဗိုင်းရပ်စ်ကို အပူဓာတ်ဖြင့်သတ်ဖြတ်မည့် လင်းနို့ဝတ်စုံကို တရုတ်ဒီဇိုင်းပညာရှင် တစ်ဦးက ဒီဇိုင်းထုတ်ပြသလိုက်သည်။
ကိုရိုနာဗိုင်းရပ်စ်သည် လင်းနို့ကနေ လူသားထံ ကူးစက်ခြင်းဖြစ်ပြီး၊ လင်းနို့သည် ဗိုင်းရပ်စ်ဒဏ်ကို ခံနိုင်ရည်ရှိမှုကို အတုယူကာ ဝတ်စုံကို လင်းနို့တောင်ပံပုံစံ ဖန်တီးခြင်းဖြစ်ကြောင်း ဒီဇိုင်းပညာရှင် ဒါယန်ဆန်း ကပြောသည်။ Be a Batman ဝတ်စုံဟု အမည်ပေးထားသည်။
ဝတ်စုံသည် လင်းနို့တောင်ပံကဲ့သို့ဖြစ်ပြီး ကျောပိုးကိရိယာဒီဇိုင်းအဖြစ် ဖန်တီးထားသည်။ လင်းနို့တောင်ပံကို ဖိုင်ဘာသားဖြင့် ဖန်တီးမည်ဖြစ်ပြီး ဖိုင်ဘာလွှာကြားတွင် အပူပေးမည့် ကွန်ရက်လွှာကို ထည့်သွင်းထားမည်ဖြစ်ကာ ဝတ်စုံအပြင်ဘက် ခြမ်းတွင် ယူဗွီအလင်းဓာတ်ဖြန့်ကာ ကိုရိုနာ ဗိုင်းရပ်စ်ကို သတ်ဖြတ်နိုင်သည့် အပူဓာတ်ကို ထုတ်လွှတ်၍ အတွင်းက လူသားထံ ဗိုင်းရပ်စ်များ ဝင်မလာအောင် ကာပေးထားမည်ဖြစ်သည်။
ကိုရိုနာဗိုင်းရပ်စ်သည် အပူချိန် ၅၆ ဒီဂရီစင်တီဂရိတ် (၁၃၃ ဒီဂရီ ဖာရင်ဟိုက်)နှင့်အထက် ကြုံရလျှင် သေဆုံးကြောင်း ဒါယန်ကပြောသည်။ လင်းနို့၏ခန္ဓာအပူချိန်သည် တောင်ပံခတ်ပျံသန်းနေချိန်တွင် ၁၀၄ ဒီဂရီ ဖာရင်ဟိုက်ထိ ရှိသလို၊ လင်းနို့သည် အစာချေဖျက်မှုလည်း မြန်ဆန် သဖြင့် လင်းနို့ခန္ဓာကိုယ်ကို ကိုရိုနာဗိုင်းရပ်စ်သည် ဒုက္ခပေးနိုင်ခြင်းမရှိကြောင်းလည်း သုတေသနများက တွေ့ရှိထားသည်။
၎င်း၏ ဒီဇိုင်းကို လက်တွေ့ထုတ်လုပ်နိုင်ရန် ငွေကြေးစိုက်ထုတ်ပေးမည့်သူ လိုအပ်နေကြောင်း ဒါယန်ကပြောသည်။ လက်တွေ့ ထုတ်လုပ်နိုင်အောင် ငွေကြေးစိုက်ထုတ်ပေးသူရှိပါက မိမိအတွက် ပညာရှင်ကြေးမယူဘဲ အခမဲ့ဆောင်ရွက်ရန် အသင့်ရှိကြောင်း ဒါယန်ကပြောသည်။

















