ချယ်လ်ဆီးကိုရှုံးနိမ့်ကာ အက်ဖ်အေပြိုင်ပွဲမှ လီဗားပူးထွက်ရ အသင်းခြေစွမ်းကို မစိုးရိမ်ဟု ဂျာဂင်ကလော့ပ်ပြောကြား

ချယ်လ်ဆီးကိုရှုံးနိမ့်ကာ အက်ဖ်အေပြိုင်ပွဲမှ လီဗားပူးထွက်ရ အသင်းခြေစွမ်းကို မစိုးရိမ်ဟု ဂျာဂင်ကလော့ပ်ပြောကြား

လီဗာပူးသည် အက်ဖ်အေဖလား ပဉ္စမအဆင့်၌ ပြိုင်ဘက်ချယ်လ်ဆီးကို နှစ်ဂိုးပြတ်ရှုံးနိမ့်ခဲ့ပြီးနောက် ပြိုင်ပွဲမှ ထွက်ခဲ့ရကြောင်းသိရသည်။

လန်ဒန်၌ ကစားခဲ့သောပွဲကို ပရိသတ် ၄ဝဝဝဝ ကျော်ကြည့်ရှုအားပေးခဲ့ပြီး ချယ်လ်ဆီး မှာ ပထမပိုင်း၌ပင် တစ်ဂိုးဂိုးမရှိဖြင့် ဦးဆောင်နိုင်ခဲ့သည်။ လီဗာပူးနည်းပြ ကလော့ပ်သည် ပွဲထွက်လူစာရင်းကို အပြောင်းအလဲပြုလုပ်ခဲ့ပြီး တိုက်စစ်၌ မီနာမီနို၊ မာနေးနှင့် အိုရီဂီတို့ ပါဝင်ခဲ့ သည်။ ချယ်လ်ဆီးတိုက်စစ်ကို ဂီရော့ဒ်၊ ပီဒရိုနှင့် ဝီလျံတို့ ဦးဆောင်ခဲ့သည်။

ချယ်လ်ဆီးသည် ပွဲချိန် ၁၃ မိနစ်၌ ဦးဆောင်ဂိုးရခဲ့ပြီး ဝီလျံက ပင်နယ်တီ ဂိုးဧရိယာထိပ်မှ အပြင်းကန်သွင်းပေး ခဲ့သည်။ ချယ်လ်ဆီးသည် ဒုတိယပိုင်း ၆၄ မိနစ်၌ ဒုတိယဂိုးရခဲ့ပြီး ဘာကလေ က ကွင်းလယ်မှနေ၍ တစ်ကိုယ်တော် ဆွဲပြေးပြီး ပင်နယ်တီဂိုးဧရိယာထိပ် မှပင် ကန်သွင်းခဲ့ခြင်းဖြစ်သည်။

လီဗာပူးသည် ဖာမီနို၊ မီလ်နာနှင့် ဆာလက်ချ်တို့ကိုထည့်သွင်းပြီး ချေပ ဂိုးများပြန်ရရန် ကြိုးစားခဲ့သော်လည်း ချယ်လ်ဆီးဂိုးသမားကီပါ လက်စွမ်းပြ ကာကွယ်မှုများပြုလုပ်နိုင်ခဲ့၍ နှစ်ဂိုး ပြတ်ရှုံးနိမ့်ကာ ဖလားသုံးလုံး အိပ်မက် ပျက်ပြယ်ခဲ့ရသည်။ လီဗာပူးသည် လေးရက်အတွင်း ဒုတိယမြောက်ရှုံးပွဲ ကြုံဆုံခဲ့ခြင်းဖြစ်ပြီး နောက်ဆုံးကစား ခဲ့သောလေးပွဲတွင် သုံးပွဲမြောက်ရှုံးပွဲ ဖြစ်ခဲ့သည်။ ထို့ပြင် လီဗာပူးသည် ၂ဝ၁၄ ခုနှစ် နိုဝင်ဘာနောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် ပြိုင်ပွဲစုံအဝေး ကွင်း သုံးပွဲဆက်တိုက်ရှုံးနိမ့်ခဲ့သည်။

ကလော့ပ်က ''နှစ်ဂိုးပြတ် ရှုံးခဲ့ တာက ကောင်းတဲ့အရာမဟုတ်ဘူး။ ဒါပေမဲ့ ဘာကြောင့်လဲဆိုတာ ရှင်းပြဖို့ လွယ်ကူပါတယ်။ ကျွန်တော်တို့ ကိုယ့်ဂိုး နားမှာ ကြီးမားတဲ့အမှားနှစ်ခုလုပ်မိ တယ်။ ဝက်ဖို့ဒ်ပွဲခြေစွမ်းနဲ့ အခုပွဲ ခြေစွမ်းက ကွဲပြားမှုရှိခဲ့တယ်။ ဝက်ဖို့ဒ် ပွဲမှာ အခြေအနေဆိုးပေမယ့် ချယ်လ် ဆီးပွဲမှာ မဆိုးပါဘူး။ တုံ့ပြန်ကစားခဲ့ တာကို ကျွန်တော် သဘောကျတယ်။ ဒီပွဲက ပြင်းထန်တဲ့ပွဲပါ။ ကျွန်တော်တို့ ကစားသမားခုနစ်ယောက် အပြောင်း အလဲလုပ်ပြီး ကစားခဲ့တာကြောင့် ခက်ခဲမယ်ဆိုတာ သိပါတယ်။ ဘာပဲ ဖြစ်ဖြစ် ခြေစွမ်းကိုမစိုးရိမ်မိဘူး။ ဒါက ဘောလုံးပါ''ဟု ပြောခဲ့သည်။

 



ဖတ်ရှုမှုအများဆုံး