ကိုရိုနာဗိုင်းရပ်စ်အန္တရာယ် စိုးရိမ် ရသောကြောင့် အီတလီ၌ အားကစား ပြိုင်ပွဲများကို တစ်လရွှေ့ဆိုင်းရန် အီတလီဝန်ကြီးချုပ် ဂူဆပ်ပီကွန်တီက တွေးဆနေပြီဖြစ်ကြောင်း BeIN က ဖော်ပြခဲ့သည်။ ကိုရိုနာ ဗိုင်းရပ်စ်သည် ကမ္ဘာအနှံ့သို့ပြန့်ပွားနေရာ အီတလီနိုင်ငံ၌လည်း ရောဂါကူး စက်မှုနှုန်းမြန်ဆန်ကာ လူအယောက် ၂ဝဝဝ ကျော် ရောဂါကူးစက်ခံထား ရသည်။
ကိုရိုနာဗိုင်းရပ်စ်ရောဂါကို ကာကွယ်သည့်အနေဖြင့် လူစုလူဝေးမဖြစ် ပေါ်စေရန် အီတလီအာဏာပိုင်များက စဉ်းစားနေရာ ဘောလုံးအပါအဝင် မည်သည့် အားကစားပြိုင်ပွဲကိုမဆို ရက်ပေါင်း ၃ဝ ရွှေ့ဆိုင်းမည်ဟု အီတလီသတင်းအေဂျင်စီ ANSA က ရေးသားခဲ့သည်။
ဂျူဗင်တပ်စ်အသင်းမှာ ကိုရိုနာဗိုင်းရပ်စ်ကြောင့် ယူ-၂၃ အသင်းကစားသမားများကို သီးခြား ထားရှိ စောင့်ကြည့်ကာ လေ့ကျင့်ခန်း အစီအစဉ်များကိုလည်း ဖျက်သိမ်းခဲ့ ကြောင်း သိရသည်။
ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်း WHO က တစ်ကမ္ဘာလုံးအတိုင်း အတာအရ ကိုရိုနာဗိုင်းရပ်စ်ကူးစက်သူ ၉ဝ,ဝဝဝ ကျော်ထိရှိလာပြီး သေဆုံးသူ အယောက် ၃,ဝဝဝ ကျော်ပြီဖြစ်ကြောင်း ဆိုသည်။ အီတလီ၌မူ ကိုရိုနာဗိုင်းရပ်စ် ကြောင့် လူအယောက် ၇ဝ ကျော် သေဆုံးခဲ့ကြောင်း သိရသည်။















