တရုတ်၌ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရသူသစ် ၁၁၉ ဦးရှိ၊ ကူးစက်ခံရသူ သုံးရက်ဆက်တိုက်ကျဆင်း

တရုတ်၌ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရသူသစ် ၁၁၉ ဦးရှိ၊ ကူးစက်ခံရသူ သုံးရက်ဆက်တိုက်ကျဆင်း

တရုတ်နိုင်ငံ၌ မတ် ၄ ရက်တွင် ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရသူသစ် ၁၁၉ ဦးရှိခဲ့ပြီး ယင်းသည် သုံးရက်ဆက်တိုက် ဗိုင်းရပ်စ်ကူးစက်သူသစ်ဦးရေ ကျဆင်းသွားခဲ့ခြင်းဖြစ်ကြောင်း တရုတ်နိုင်ငံလုံးဆိ်ုင်ရာ ကျန်းမာရေးကော်မရှင်က ထုတ်ပြန်ခဲ့သည်။
 

မတ် ၄ ရက်တွင် ကိုရိုနာဗိုင်းရပ်စ်ကြောင့် သေဆုံးသူသစ် ၄၈ ဦးရှိခဲ့ပြီး တစ်နိုင်ငံလုံးအတိုင်းအတာအားဖြင့် ယခုအချိန်အထိသေဆုံးသူ ၂၉၈၁ဦးရှိသွားပြီဖြစ်သည်။ တရုတ်တစ်နိုင်ငံလုံးတွင် ဗိုင်းရပ်စ်ကူးစက်ခံထားရသူ ၈၀၂၀ဝ ဦးရှိနေသည်။

ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရသူသစ်ဦးရေနှင့်ပတ်သက်လျှင် ဟူပေးပြည်နယ်၌ ၁၁၅ ဦးရှိနေပြီး နိုင်ငံတွင်းအခြားနေရာများတွင် လေးဦးရှိနေသည်။တရုတ်အစိုးရ၏ ဗိုင်းရပ်စ်ကူးစက်မှုမရှိစေရေးတင်းကျပ်မှုများ ထိရောက်မှုကြောင့် ကူးစက်ခံရသူသစ်ဦးရေကျဆင်းလာခဲ့ခြင်းဖြစ်သည်။

တရုတ်အစိုးရတင်ပြသော စာရင်းအင်းများကို စစ်ဆေးခဲ့ပြီးနောက် ဗိုင်းရပ်စ်ကူးစက်သူသစ်ဦးရေကျဆင်းခြင်းသည် အမှန်တကယ်ဖြစ်ကြောင်း အတည်ပြုနိုင်ခဲ့သည်ဟု ကမ္ဘာ့ကျန်းမာရေးအဖွဲ့(WHO) ၏ကူးစက်ရောဂါဖြစ်ပွားမှုဆိုင်ရာဌာနအကြီးအကဲ မာရီယာ ဗန် ကာ့ဟို့ဗ် ကပြောဆိုခဲ့သည်။ တရုတ်နိ်ုင်ငံသည် COVID-19 ဗိုင်းရပ်စ်ကို အနိုင်ရရှိနေသည်မှာ သေချာသလောက်ရှိနေကြောင်း ကုလသမဂ္ဂဆိုင်ရာ တရုတ်သံအမတ်ကြီး ကျန်းချွန်ကပြောဆိုခဲ့သည်။

သို့သော် ဗိုင်းရပ်စ်ကူးစက်မှုများစွာရှိနေသည့် အခြားနိုင်ငံများမှ ဗိုင်းရပ်စ်ကူးစက်ခံထားရသူများ တရုတ်နိုင်ငံသို့ရောက်ရှိလာမည်ကို စိုးရိမ်မှုများရှိနေသည်။ ပြည်ပမှ တရုတ်နိုင်ငံသို့ ပြန်လာသည့် တရုတ်လူမျိုး ၁၃ ဦး ဗိုင်းရပ်စ်ကူးစက်ခံထားရကြောင်း စစ်ဆေးတွေ့ရှိခဲ့ပြီးဖြစ်သည်။

ကမ္ဘာတစ်ဝန်းတွင် ဗိုင်းရပ်စ်ကူးစက်ခံထားရသူ ၉၃၀ဝ၀ ဦးရှိနေပြီး သေဆုံးသူ ၃၁၀ဝ ကျော်နေပြီဖြစ်ကာ အများစုသည် တရုတ်နိ်ုင်ငံမှဖြစ်သည်။ ယူကရိန်းနှင့် မော်ရိုကိုတို့တွင်လည်း ဗိုင်းရပ်စ်ကူးစက်ခံထားရသူ တစ်ဦးစီရှိလာပြီး ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုရှိနေသည့် နိုင်ငံ ၇၀ ရှိသွားပြီဖြစ်သည်။