COVID-19 ကိုရိုနာဗိုင်းရပ်စ်သည် ကမ္ဘာတစ်ဝန်း ပျံ့နှံ့လာနေချိန်တွင် ဗိုင်းရပ်စ် ကာကွယ်ရေးပစ္စည်းများ လုံလောက်စွာ ရှိရမည့်အစား၊ ပစ္စည်းပြတ်လပ်မှု ဆိုးရွားသထက် ဆိုးရွားလာနေကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က သတိပေး ပြောကြားလိုက်သည်။
ကျန်းမာရေးကောင်းသူများပါ မလိုအပ်ဘဲ နှာခေါင်းစည်းနှင့် အခြား အကာအကွယ်ပစ္စည်းများကို လုယက်ဝယ်ယူနေခြင်း၊ ဈေးကွက် လက်ဝါးကြီးအုပ်ခြင်းများကြောင့် ကျန်းမာရေးဝန်ထမ်းများနှင့် လူနာများအတွက် အရေးတကြီးလိုအပ်နေသော အကာအကွယ်ပစ္စည်းများ ပြတ်လပ်လျက်ရှိကြောင်း WHO က ဝေဖန်ပြောကြားသည်။
"ဗိုင်းရပ်စ် ကာကွယ်ရေးအတွက် အရေးပါတဲ့ ကျန်းမာရေးပစ္စည်းတွေကို အကြောက်လွန် ဝယ်ယူစုဆောင်းသူတွေကြောင့် တကယ်တမ်း လိုအပ်နေသူတွေအတွက် မလုံမလောက် ဖြစ်နေရပါတယ်။ ဒီလိုအခြေအနေမျိုးနဲ့ဆို COVID-19 ကို နိုင်ငံတကာအသိုင်းအဝိုင်းက တုံ့ပြန်ထိန်းချုပ်နိုင်ဖို့ ခက်ခဲရနိုင်ပါတယ်" ဟု WHO အကြီးအကဲ တဲဒရို အဓာနွမ် ဂျီဘရီရဲဆက်စ်က ဂျနီဗာမြို့တွင် သတင်းထောက်များနှင့် တွေ့ဆုံစဉ် ပြောကြားသည်။
"ကျန်းမာရေးဝန်ထမ်းတွေအတွက် အကာအကွယ်ပစ္စည်းတွေ မလုံလောက်ဘဲ COVID-19 ကို တိုက်ဖျက်ဖို့ မဖြစ်နိုင်ပါဘူး" ဟု ၎င်းက ဆက်လက်ပြောကြားသည်။ ခွဲစိတ်ခန်းသုံး နှာခေါင်းစည်းများသည် ကမ္ဘာ့ဈေးကွက်တွင် ဈေးခြောက်ဆ တက်နေသလို၊ အသက်ရှူစက်များသည်လည်း ဈေးသုံးဆနီးပါး တက်နေသည်။
WHO သည် ကျန်းမာရေးဝန်ထမ်းများအတွက် တစ်ကိုယ်ရေ ကာကွယ်ရေးပစ္စည်းအမျိုးမျိုး အခုရေ ငါးသိန်းခန့်ကို ၂၇ နိုင်ငံသို့ ဖြန့်ဝေပေးထားသည်။ ပစ္စည်းများ ဈေးကွက်အတွင်း ပြတ်လပ်သထက် ပြတ်လပ်လာနေကြောင်း WHO က ပြောသည်။
COVID-19 ကို ထိန်းချုပ်ရေးအတွက် တစ်လလျှင် ကမ္ဘာတစ်ဝန်း ခွဲစိတ်ခန်းသုံး နှာခေါင်းစည်း ၈၉ သန်း၊ လက်အိတ် ၇၆ သန်းနှင့်၊ မျက်လုံးအကာ ၁ ဒသမ ၆ သန်း လိုအပ်ကြောင်း WHO က ပြောသည်။
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ကမ္ဘာတစ်ဝန်း လူသုံးထောင်ကျော် သေဆုံးကာ၊ ကိုးသောင်းကျော် ကူးစက်ခံထားရပြီး ၇၇ နိုင်ငံသို့ ပျံ့နှံ့လျက်ရှိသည်။

















