မိန်းမကြောက်ရောဂါ (Gynophobia) ဆိုတာကြားဖူးကြမယ်ထင်တယ်။ဒါဆိုယောင်္ကျားကြောက်ရောဂါ (Androphobia) ဆိုတာရောကြားဖူးကြလား? Androphobiaဆိုတဲ့စကားလုံးဟာ ‘မဟာဣတ္ထိယ’ ဝါဒီတွေ၊ လိင်တူချစ်သူ အမျိုးသမီးတွေရဲ့အခွင့်အရေးလှုပ်ရှားမှုကနေပေါ်ပေါက်လာတဲ့စကားစုတစ်ခုဖြစ်ပါတယ်။မိန်းမကြောက်ရောဂါ (Gynophobia) ရဲ့တိုက်ရိုက်ဆန့်ကျင်ဘက်သဘောပေါ့။
ဒါပေမယ့်သိထားရမှာကယောင်္ကျားကြောက်ရောဂါ (Androphobia) ဆိုတာဟာအမျိုးသမီးတွေဆီမှာသာမကဘူးအမျိုးသားတွေမှာလည်းဖြစ်နိုင်တဲ့စိတ်ဝေဒနာတစ်မျိုးဆိုတာပါပဲ။
ဘယ်လိုဝေဒနာမျိုးလဲ
ယောင်္ကျားကြောက်ရောဂါ (Androphobia) ခံစားနေရသူတွေမှာစိတ်ပိုင်းဆိုင်ရာလက္ခဏာမျိုးစုံပြသနိုင်ပါတယ်။အထူးသဖြင့်တော့
- အမျိုးသားတစ်စုံတစ်ယောက်ကိုမြင်တွေ့ရတဲ့အခါဒါမှမဟုတ်တွေးတောမိတဲ့အခါမျိုးတွေမှာရုတ်ချည်းဆိုသလိုအလွန်အမင်း ထိတ်လန့်တာ၊ ရှက်ရွံ့တာ၊ စိတ်သောကရောက်တာမျိုးတွေခံစားရမယ်၊
- ချဲ့ကားတွေးတောမိတာ၊ယုတ္တိယုတ္တာမရှိကြောင်းသိပေမယ့်အဆိုပါအခြေအနေကိုထိမ်းချုပ်နိုင်ခြင်းမရှိတာ၊
- ရုပ်ပိုင်းဆိုင်ရာအရနီးကပ်နေချိန်မျိုးမှာအလွန်အမင်းစိတ်သောကရောက်တာ၊စိတ်ပင်ပန်းနေမိတာ၊အဆိုပါစိတ်ခံစားချက်မျိုးတွေပိုပိုဆိုးရွားလာနေတာ၊
- အမျိုးသားတွေနဲ့ကြုံဆုံရမယ့်အခြေအနေတွေကိုတမင်တကာရှောင်လွှဲနေတတ်တာ၊
- အမျိုးသားတွေအပေါ်ကြောက်ရွံ့တဲ့၊စိုးရိမ်တဲ့စိတ်ကြောင့်နေ့စဉ်လူနေမှုဘဝမှာအခက်အခဲတွေမကြာခဏရင်ဆိုင်နေရတာ၊
- အမျိုးသားတွေနဲ့ကြုံဆုံရတိုင်းဇောချွေးပျံတာ၊ နှလုံးခုန်နှုန်းမြန်တာ၊ အသက်ရှုကြပ်တာ၊အသက်ရှုရခက်တာ၊မအီမသာဖြစ်တာ၊အန်ချင်တာလိုမျိုးရုပ်ပိုင်းဆိုင်ရာလက္ခဏာတွေပြသလာတတ်တာမျိုးတွေဖြစ်နိုင်ပါတယ်။
ဒီဝေဒနာမျိုးဟာငယ်ရွယ်စဉ်ကလေးဘဝမှာကတည်းကရှိနေနိုင်ပြီးတစ်ချို့သောကလေးငယ်တွေဟာအမျိုးသားတွေအနီးနားမှာရှိနေရင်မိခင်ဖြစ်သူအနားကနေခွာဖို့ငြင်းဆန်တတ်တာ၊တောက်တဲ့ကပ်ကပ်နေတတ်တာ၊အပြင်းအထန်အော်ဟစ်ငိုကြွေးတတ်တာ၊အကြီးအကျယ်ပေါက်ကွဲဒေါသထွက်တာမျိုးလက္ခဏာတွေပြသတတ်ပါတယ်။
ဘာကြောင့်ဒီဝေဒနာခံစားရတာလဲ
တကယ်တော့ယောင်္ကျားကြောက်ရောဂါ (Androphobia) ဆိုတာဟာ specific phobia တစ်မျိုးဖြစ်ပါတယ်။ယုတ္တိယုတ္တာမရှိတာကိုအကြောက်လွန်ကဲခြင်းတစ်မျိုးပါ။လိုအပ်တာထက်ပိုမိုတဲ့စိတ်ခံစားချက်မျိုးတွေဖြစ်ပေါ်လာပြီဆိုရင်ဘေးထွက်ဆိုးကျိုးတွေတော်တော်များများရင်ဆိုင်ရနိုင်တဲ့ပြဿနာရှိပါတယ်။
ဒီဝေဒနာဘာကြောင့်ခံစားရလဲဆိုတာနဲ့ပတ်သက်ပြီးတိကျရေရာတဲ့အဖြေမရှိသေးပါဘူး။လက်ရှိအချိန်အထိသိပ္ပံဆိုင်ရာဆန်းစစ်မှုတွေ၊လေ့လာချက်တွေအရဆိုရင်တော့အောက်ပါအချက်တွေကြောင့်ယောင်္ကျားကြောက်ရောဂါ (Androphobia) ဖြစ်နိုင်တယ်လို့သိထားရပါတယ်။ဒါတွေကတော့
- အတိတ်မှာအမျိုးသားတွေနဲ့အနှုတ်လက္ခဏာဆောင်တဲ့အတွေ့အကြုံမျိုးတွေရှိခဲ့ဖူးတာ၊
- အလိုမတူပဲအဓမ္မပြုကျင့်ခံခဲ့ရဖူးတာ၊ လိင်ပိုင်းဆိုင်ရာ နှောင့်ယှက်စော်ကားမှုခံခဲ့ရဖူးတာ၊
- အမျိုးသားတွေရဲ့ရုပ်ပိုင်း၊စိတ်ပိုင်းဆိုင်ရာနှိပ်စက်မှုကိုကာလရှည်ခံစားခဲ့ရဖူးတာ၊
- မျိုးရိုးလိုက်တာ၊
- ပတ်ဝန်းကျင်အသိုင်းအဝိုင်းကြောင့်စိတ်အစွဲအလမ်းဖြစ်လာတာ၊
- ဦးနှောက်လုပ်ဆောင်ချက်ပြောင်းလဲသွားတာစတဲ့အကြောင်းအရင်းတွေကြောင့်ဖြစ်နိုင်ပါတယ်။
ဒီစိတ်ဝေဒနာမျိုးဟာအမျိုးသမီးတွေမှာအများဆုံးခံစားရပြီးငယ်ရွယ်တဲ့အသက်အရွယ်မျိုးမှာပိုမိုဖြစ်ပွားနိုင်ပါတယ်။အထူးသဖြင့်ယောင်္ကျားကြောက်ရောဂါ (Androphobia) စတင်ဖြစ်ပွားတတ်တဲ့အချိန်ဟာအသက်၁၀နှစ်အောက်အရွယ်မှာဖြစ်ပါတယ်။
ဒါ့အပြင်သံသယလွန်ကဲတာ၊ပတ်ဝန်းကျင်နဲ့သဟဇာတမဖြစ်တ၊အပြုသဘောမဆောင်တဲ့စရိုက်လက္ခဏာမျိုးရှိတာ၊မိသားစုရဲ့အလွန်အမင်းထိမ်းချုပ်မှုခံနေရသူတွေမှာဒီဝေဒနာဖြစ်နိုင်ချေပိုမြင့်မားပါတယ်။
ကုစားလို့ရနိုင်သလား
အဖြေကတော့အတန်ငယ်ရှုပ်ထွေးတယ်လို့ပဲဆိုရမှာပါ။Androphobiaဖြစ်နေတယ်လို့သံသယရှိနေရင်အလျှင်အမြန်ကုစားဖို့လိုအပ်ပါတယ်။အကြောင်းကတော့ဒီဝေဒနာခံစားနေရရင်နေ့စဉ်လူနေမှုဘဝနဲ့ပေါင်းသင်းဆက်ဆံရေးနယ်ပယ်မှာထိခိုက်နစ်နာမှုတွေ၊ရုံးကန်ရမှုတွေပိုမိုကြုံဆုံရနိုင်ဖို့သေချာနေတာကြောင့်ဖြစ်ပါတယ်။ဒါ့အပြင်လူမှုဆက်ဆံရေးအရည်အသွေးလည်းကျဆင်းလာမှာဖြစ်သလိုပတ်ဝန်းကျင်နဲ့ပိုမိုဝေးကွာသွားပြီးကုသရပိုမိုခက်ခဲသွားနိုင်ပါတယ်။
အထူးသဖြင့်ကလေးငယ်တွေမှာဒီဝေဒနာစွဲကပ်နေရင်ငယ်ရွယ်စဉ်မှာတင်ကုသနိုင်ဖို့ကြိုးပမ်းရမှာဖြစ်ပါတယ်။ငယ်ရွယ်သူတွေအနေနဲ့ဒီစိတ်ပိုင်းဆိုင်ရာပြဿနာကြီးကိုဘဝတစ်လျှောက်လုံးသယ်ဆောင်သွားရမယ်ဆိုရင်ကုသရာမှာပိုမိုခက်ခဲနိုင်တာကြောင့်ဖြစ်ပါတယ်။
ဒီဝေဒနာကို Therapy Sessions တွေနဲ့ကုသလို့ရနိုင်ပါတယ်။ Exposure therapy၊ Cognitive behavioral therapy (CBT)၊တရားရှုမှတ်တဲ့နည်းလမ်းစတာတွေနဲ့ဝေဒနာလျော့ပါးအောင်ကုစားနိုင်ပါတယ်။ဒါ့အပြင် Beta blockers နဲ့ Benzodiazepines တို့လိုဆေးဝါးအကူအညီရယူပြီးလည်းကုစားလို့ရနိုင်ပါသေးတယ်။
ယောင်္ကျားကြောက်ရောဂါ (Androphobia) ဟာအလွန်အမင်းအထီးကျန်တာ၊စိတ်ခံစားချက်လွဲချော်မှုစိတ်ဝေဒနာ၊ညှဉ်းပမ်းနှိပ်စက်တာ၊ကိုယ့်ကိုယ်ကိုသတ်သေဖို့ကြံစည်တာနဲ့အမှန်တကယ်သတ်သေတာမျိုးတွေဖြစ်လာစေတဲ့အထိဆိုးရွားသွားနိုင်တာမို့သတိထားဖို့လိုအပ်တဲ့ဝေဒနာတစ်မျိုးဖြစ်ပါတယ်။

















