ကမ္ဘာ့နိုင်ငံများ COVID-19 ကိုရိုနာဗိုင်းရပ်စ် တိုက်ဖျက်ရေးအတွက် ဒေါ်လာ ၁၂ ဘီလျံ အကူအညီ ရန်ပုံငွေ အသုံးပြုသွားမည်ဖြစ်ကြောင်း ကမ္ဘာ့ဘဏ်က မတ် ၃ ရက်တွင် ထုတ်ပြန်သည်။
"COVID-19 ကိုရိုနာဗိုင်းရပ်စ်ဒဏ်ခံနေရတဲ့ နိုင်ငံတွေရဲ့ လိုအပ်ချက်နဲ့အညီ မြန်မြန်ဆန်ဆန် ကူညီပေးနိုင်ဖို့ ရန်ပုံငွေ ချထားတာဖြစ်ပါတယ်" ဟု ကမ္ဘာ့ဘဏ်ဥက္ကဋ္ဌ ဒေးဗစ်မယ်ပတ်စ်က ပြောသည်။
COVID-19 တိုက်ဖျက်ရေးတွင် ကျန်းမာရေး အခြေခံအဆောက်အအုံ မပြည့်စုံသောနိုင်ငံများကို အဓိက ကူညီပေးနိုင်ရန် အလွန်အရေးကြီးကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။ ရန်ပုံငွေကို အသုံးချကာ ဆင်းရဲသော နိုင်ငံများအတွက် ဆေးဝါးနှင့် ဆေးပစ္စည်းများ၊ ကျန်းမာရေးဝန်ဆောင်မှုများ ပေးအပ်သွားမည်ဖြစ်သလို၊ ကျွမ်းကျင်မှု အကူအညီနှင့် မူဝါဒရေးရာ အကူအညီများလည်း ပေးအပ်သွားမည်ဖြစ်ကြောင်း ကမ္ဘာ့ဘဏ်က ထုတ်ပြန်သည်။
၂၀၁၉ ဒီဇင်ဘာတွင် တရုတ်နိုင်ငံ အလယ်ပိုင်းက စတင်ခဲ့သော COVID-19 ဗိုင်းရပ်စ်ကြောင့် လူ သုံးထောင်ကျော် သေဆုံးကာ ကိုးသောင်းကျော်ကို ကူးစက်လျက်ရှိသည်။ အကူအညီတောင်းခံထားသည့် အဖွဲ့ဝင်နိုင်ငံများကို ရန်ပုံငွေများ ရွေးချယ်ချထားပေးသွားမည်ဖြစ်ကြောင်း မယ်ပတ်စ်က ပြောသည်။ မည်သည့်နိုင်ငံများကို ရန်ပုံငွေများ ဦးဆုံးချထားပေးမည်ကိုမူ ထည့်သွင်းပြောကြားခြင်းမရှိပေ။
"မြန်မြန်လုပ်ကြမှဖြစ်မယ်။ မြန်မြန်ထက်ထက် ဆောင်ရွက်ကြမှ လူ့အသက်တွေ ကယ်နိုင်မှာ" ဟု မယ်ပတ်စ်က ပြောသည်။
"ကမ္ဘာ့ဘဏ်ရဲ့ ကျယ်ပြန့်တဲ့ ရင်းမြစ်တွေ၊ ကျွမ်းကျင်မှုတွေ၊ သမိုင်းတစ်လျှောက် အလားတူ အခက်အခဲတွေကို ကျော်ဖြတ်ခဲ့တဲ့ အတွေ့အကြုံတွေနဲ့ လက်ရှိ COVID-19 ဗိုင်းရပ်စ်အရေးကို အကောင်းဆုံး ကိုင်တွယ်သွားပါမယ်" ဟု ပြီးခဲ့သည့် နှစ်ပိုင်းများအတွင်း အီဘိုလာ၊ ဇီကာ ရောဂါများ ခြိမ်းခြောက်စဉ်က ကမ္ဘာ့ဘဏ် ကိုင်တွယ်ခဲ့မှုများကို ကိုးကား၍ မယ်ပတ်စ်က ပြောကြားသည်။

















