စစ်ကိုင်းဆေးရုံကြီးမှ လက်ထောက်ဆရာဝန်အပါအဝင် ၁၄ ဦးတို့အား မန္တလေးကန်တော်နဒီဆေးရုံ၌ တင်ပို့ကုသထားသည့် စောင့် ကြည့်လူနာနှင့် ထိတွေ့မှုရှိခဲ့၍ On duty ဖြင့် ခတ္တနားခွင့်ပေးခဲ့ရာ ၎င်းတို့သည် ကျန်းမာရေးကောင်းမွန်ပြီး စောင့်ကြည့်လူနာ၏ စစ်ဆေးမှုရလဒ်တွင်လည်း COVIT-19 မရှိကြောင်း ပြန်ကြားချက်ရပြီဖြစ်၍ အလုပ်ခွင်ဝင်ရောက်နေပြီဟု စစ်ကိုင်းဆေးရုံကြီးမှ တာဝန်ရှိသူတစ်ဦးက ပြောဆိုသည်။
မတ် ၁ ရက် ညနေပိုင်းက စစ်ကိုင်းဆေးရုံကြီးသို့ တက်ရောက်ကုသခဲ့သည့် အမျိုးသားတစ်ဦးကို မန္တလေးမြို့ ကန်တော်နဒီဆေးရုံသို့ လွှဲပြောင်းကာ စောင့်ကြည့်လူနာအဖြစ် ထားရှိခဲ့ပြီး ရန်ကုန်မြို့သို့ ၎င်းတို့ ဓာတ်ခွဲနမူနာပေးပို့ စစ်ဆေးခဲ့ရာ COVID-19 မရှိကြောင်း တွေ့ရသည်ဟု ကျန်းမာရေးဝန်ကြီးဌာနက မတ် ၄ ရက်ညက ထုတ်ပြန်ခဲ့သည်။
"ရုံးတွင်းအမိန့်အဖြစ် အဲဒီလူနာနဲ့ ထိတွေ့ခဲ့သူတွေကို On duty ပေးခဲ့တာမှန်ပါတယ်။ ဒီနေ့မှာပဲ အလုပ်ဆင်းနေ ကြပါပြီ။ စစ်ကိုင်းကနေ မန္တလေးလွှဲလိုက်တဲ့ လူနာက ကျန်းမာရေးစစ်ဆေးချက်များအရ ရောဂါမရှိဘူးဆိုတာ မနေ့ညက တရားဝင်ထုတ်ပြန်လိုက်ပါတယ်"ဟုစစ်ကိုင်းဆေးရုံကြီးမှ ပြောရေးဆိုခွင့်ရှိသူက ပြောသည်။
အဆိုပါလူနာနှင့်ထိတွေ့ခဲ့သူ လက်ထောက်ဆရာဝန် ၂ ဦး၊သူနာပြု ၈ ဦးနှင့် အထွေထွေလုပ်သား ၄ ဦး၊ ပေါင်း ၁၄ ဦးကို ခေတ္တနားခွင့်ပြုခဲ့ပြီး နားနေစဉ်အတွင်း အိမ်ပြင်မထွက်ရန်နှင့် နှာခေါင်းစီးများ တပ်ဆင်ရန်နှင့် ကျန်းမာရေးထူးခြားမှုရှိပါက မိခင်ဌာနသို့ ချက်ခြင်းအကြောင်းကြားရန်ဟူ၍ မတ် ၄ ရက် နံနက်အစောပိုင်းက ရုံးတွင်း အမိန့်စာကို စစ်ကိုင်းပြည်သူ့ဆေးရုံ၊ ခေတ္တဆေးရုံအုပ်ကြီးက ထုတ်ပြန်ခဲ့သည်။
ထို့ပြင် မန္တလေးမြို့နေထိုင်သူ ဆီးချိုရောဂါအခံရှိသည့် အသက် ၆၀ အရွယ်အမျိုးသမီးတစ်ဦးမှာလည်း ဖေဖော်ဝါရီ ၂၇ ရက်မှစ၍ ချောင်းဆိုး၊ အသက်ရှူကျပ်ခံစားနေရပြီး မတ် ၄ ရက်က မန္တလေးဆေးရုံကြီးသို့ ရောက်ရှိလာခဲ့ ရာ COVID-19 စောင့်ကြည့်လူနာအဖြစ် သီးသန့်ထားရှိ ကုသပေးလျက်ရှိကြောင်းနှင့် ဓာတ်ခွဲနမူနာများ ရန်ကုန်သို့ ပေးပို့ စစ်ဆေးနေကြောင်းသိရသည်။
















